ငှက်တစ်ကောင်၏ ဒိုင်ယာရီ (သူ့ နန္ဒ)
“ငှက်တစ်ကောင်၏ ဒိုင်ယာရီ”

အများစုဆိုင် မူပိုင်သူမရှိ
လွတ်လပ်သည် အသိနဲ့
အာကာသ ခရီးကို
တစ်ကောင်တည်း ဖော်မပါ
ပန်းတိုင်သာ ဦးတည်လျှက်
ပျော်ရွှင်စွာ ပျံသန်းခဲ့။
မကြာပါ ကံကြမ္မာ ခေလာတော့
မုတ်ဆိုးတွေ ပစ်ခွင်းတဲ့
ရှိန်အားပြင်း မျှားတစ်ချက်
ညာဘက်ရဲ့ တောင်ပံ
သိပ်နုတဲ့ ရိုးတံကို
ထိမှန်ခါ ဖောက်သွား။
နာကျင်မှု ဝေဒနာတွေ
နင့်နေအောင် ခံစားရပေမဲ့
ကိုယ့်ခန္ဓာ အသွင်ရုပ်
မြေပြင်ပေါ် ပြုတ်မကျခင်
အရှိန်နှုန်း ပြန်အုပ်ကာ
ခပ်သာသာ လျှော့တင်းလုပ်
ခေါင်းမော့လို့  ဆက်ပျံ်။
အနာဒဏ် အချိန်နဲ့  ကု
မုတ်ဆိုးပေါ် ကျလုနီးတဲ့
တောက်မဲ့မီး ဒေါသကို
သတိနဲ့ ဖိကာဖြေ
သီးခံခြင်း စွမ်းရည်တွေ
အတင်းလေ မွေးထုတ်ရင်း
မရောက်မချင်း ပန်းတိုင်ဆီ
ခရီးရှည် ဆက်နှင်း။
အချိန်ကြာ
သွားလိုရာ မရောက်သေးပေမဲ့
အနာဟာ အတော်ကျက်လာပြီမို့ 
ဦးတည်ရာပန်းတိုင်သို့  ဆက်လို့ သာမြန်း။
ဘ၀တစ်ခုကို ငှက်တစ်ကောင်နဲ့ တင်စားထားတဲ့ကဗျာလေး။ ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ် လွတ်လပ်စွာ သွားလာနေတဲ့ ဘ၀ခရီး။ ကံကြမ္မာ ညိုးလာတော့ ဒုက္ခပေးတတ်သူတွေကြောင့် ဆင်းရဲဒုက္ခတွေ့ ရ။ ဒုက္ခက သိပ်ကြီး တော့ အတော်ကို ခံစားရ။ မကျေမနပ်မှု တွေဖြစ်ရ။ ဘယ်လိုဘဲ ဒုက္ခကြီးကြီး အချိန်ဟာ နာတာကိုပျောက်သွားအောင် ကုပေးနိုင်တဲ့ ဆေးတစ်မျိုး။ ဒုက္ခခံစားရတဲ့အချိန်မှာ ဘ၀ကိုအရုပ်ကြိုးပြတ် ဖြစ်မသွားအောင် ထိန်းပြီးညှိ တတ်ရမယ်။ အလျှော့အတင်းလေး လုပ်ပေးတတ်ရမယ်။ ဖြစ်ပေါ်လာတဲ့ဒုက္ခကို သူများအပေါ်မှာ ဒေါသမထွက် မိအောင် ဒေါသကို သတိနဲ့  အသိကပ် ပေးရမယ်။ ကိုယ့်ဒုက္ခကို အသိစိုက်ထားရမယ်။ အခြေအနေကို မညှိ တတ်ရင်တော့ ဘ၀ဟာ အောက်ကို ပြုတ်ကျ သွားမယ်။ ဒုက္ခကို သီးခံနိုင်တဲ့ စွမ်းရည်တွေကို မွေးမြူပေး လေ့ကျင့်ပေးရမယ်။ ပြီးတော့  လည်း ပန်းတိုင်ကို မရောက်မချင်း ခရီးကို ဆက်နှင်းရမယ်။ အချိန်ကြောင့် ဒုက္ခခံစား ရတာတွေ သက်သာလာမယ်။ ကြာပါစေ။ သွားလိုရာမရောက်သေးရင် ဘ၀ခရီးကို ဆက် သွားနေရမယ်။
ငှက်ကလေးဟာ လွတ်လပ်တယ်လိ့ သူထင်ထားတဲ့ အာကာသခရီးနဲ့  ရည်ရွယ် ထားတဲ့ နေရာအသွား မုတ်ဆိုးတို့ရဲ့ မျှားတစ် ချက်ထိခံရတယ်။ မျှားချက်ကြောင့် နာကျင်တဲ့ ဒဏ်ရာကို အချိန်ရယ်၊ သီးခံခြင်းရယ်၊ သတိတရားရယ်၊ ပန်းတိုင်ကို ဦးတည်ထားတဲ့ သမာဓိတရားရယ်၊ အခြေအနေကို ညှိတတ်တဲ့ ပညာတွေရယ်ကိုသုံးတတ်လို့ အောက်ကိုပြုတ် မကျခဲ့ဘူး။ သူ့ကိုယ်သူ အနာလုံးဝမပျောက်သေးပေမဲ့ ရည်ရွယ်ထားတဲ့ ခရီးကိုတော့ ဦးတည်ကာ ဆက်ပျံလိုက်စမ်းပါလို့ အားပေးရင်း ပြန်သန်းနေတယ်။
မေတ္တာများဖြင့်
မေတ္တာဥယျာဉ်
2011-ခု၊ စက်တင်ဘာလ(၁၀)ရက်၊စနေနေ့။

up