အတွေးများနဲ့ ရထားတစ်စင်း
အတွေးများနဲ့ ရထားတစ်စင်း
ဥာဏ်ဦးမောင်
ဒီနေရာလေးမှာ ကိုယ်နေထိုင်ခဲ့တာ ခြောက်လတင်းတင်းပြည့်ခဲ့ပြီ။ ဒီပတ်ဝန်းကျင် ဒီနေရာလေးမှာ ခုလိုအခြေ
ချ နေထိုင်ဖြစ်လိမ့်မယ်လို့ မနှစ် ဒီအချိန်အခါတုံးကဆို ဘယ်မှာစိတ်ကူးထဲ ရှိခဲ့ပါဦးမလဲ။ ဒါပေမယ့်လည်း ဘဝ
ဆိုတာ ရွေ့လျောခြင်းတွေ၊ ပြောင်းလဲခြင်းတွေနဲ့အတူ မျောနေတတ်တာမို့ မနှစ်တုံးက လုံးဝစိတ်ကူးမထားခဲ့တဲ့
ဒီနေရာလေးက ခုတော့ ကိုယ်နေထိုင်ရာ နေရာလေးတစ်နေရာ ဖြစ်လာခဲ့ပြီ။ အတန်အသင့် အသားကျစပြုနေ
တဲ့ ဒီနေရာလေးမှာ ဘယ်လောက်ကြာကြာ နေထိုင်ဖြစ်ဦးမယ်ဆိုတာကိုရော ဘယ်သူတစ်ဦးတစ်ယောက်က
ခန့် မှန်းပြောပြနိုင်မှာလဲ။
ဒီနေရာလေးဟာ ကိုယ့်အသက်ရှင်လျက်နဲ့က ချန်ထားခဲ့မယ့် နေရာလေးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သလို ကိုယ့်
ဘဝ ပြောင်းသွားရလို့ အသက်မဲ့တဲ့ ကိုယ့်ကိုယ်က ချန်ထားခဲ့ရမယ့် နေရာလေးတစ်နေရာလည်း ဖြစ်ကောင်း
ဖြစ်နိုင်တာပဲ။ အရာရာပြောင်းလဲတတ်တာမို့ သက်ရှိကိုယ့်ကိုယ်နဲ့စာလျင် ထာဝရရယ်လို့ ပြောလိုက ပြောနိုင်
မယ့် ဒီနေရာလေးကိုယ်တိုင်ကပင်လျင် ကိုယ့်ကိုချန်ထားခဲ့တာမျိုးလည်း ဖြစ်နိုင်တာပဲ။ ဘာပဲဖြစ်ဖြစ်၊ ကိုယ်
ရောက်ရှိနေထိုင်ခိုက် ဒီနေရာလေး လှပသာယာစေဖို့၊ ဒီနေရာလေးကို အခိုက်အတန့်လေးပင်ဖြစ်ဖြစ် လာ
ရောက်ကြမည့်သူတွေ ကြည်နူးပျော်ရွှင်စေဖို့နဲ့ ငြိမ်းချမ်းအေးမြစေဖို့ကိုတော့ ကိုယ့်မှာဖန်တီးရ၊ ထိန်းသိမ်းရမည့်
တာဝန်၊ ကူညီရမည့်တဝန်က ကိုယ့်မှာရှိလာပြီလို့ ခံယူမိတယ်။
ရာသီဥတု သာသာယာယာရှိတဲ့ အချိန်များမှာဆို အဆောင်လေးဘေးမှာရှိတဲ့ ပန်းခြံလေးထဲကိုဆင်းလို့
ပန်းပင်လေးတွေ ပျိုးတဲ့အခါပျိုး၊ စိုက်တဲ့အခါစိုက်၊ ပေါင်းပင်လေးတွေ ရှင်းတဲ့အခါရှင်း၊ အသစ်ခင်းစ ပန်းခင်း
လေးမှာ လုပ်ဖွယ်ရာတွေက အများသား။
နေထိုင်ရာအဆောင်လေးက ရထားလမ်းရဲ့ဘေးမှာ။ လူစီးရထားများ၊ ကုန်ရထားများက ကြိုးကြားကြိုးကြား ဒီ
ရထားလမ်းလေးပေါ် ဖြတ်သွားတတ်တယ်။ နေဝင်ပျိုးပျ ညဦးစမှာ သံရှည်ဆွဲကာ ဖြတ်သွားတတ်တဲ့ ရထား
ဥသြသံအချို့ကြားမိလျင်ဖြင့် …ရထားဥသြသံလေးများကြားရင် အိမ်ပြန်ချိန်စိတ် တားလို့မရတော့ပြီ…ဆိုတဲ့
ထူးအိမ်သင်ရဲ့ အမေ့အိမ် သီချင်းထဲက စာသားလေးကို သတိရမိလိုက်တဲ့အခါလည်း ရှိခဲ့ဖူးတယ်။ သို့ပေမယ့်
ဒီအချိန်မျိုးမှာ ကိုယ့်စိတ်ထဲ သူ့သီချင်းစာသားလေးထဲကလို အိမ်ပြန်ချင်တဲ့ အိမ်တန်းစိတ်ဖြစ်နေခဲ့သလား၊ အိမ်
လွမ်းစိတ်ဖြစ်နေခဲ့သလားဆိုတာကိုတော့ တိတိကျကျ ဝေခွဲမရနိုင်ခဲ့ပါဘူး။ ဘယ်ဆီဘယ်လမ်း ဘယ်စခန်းဟု
မျှော်မှန်းမသိ ရော်တမ်းမိသည့် လွမ်းချည့်ဝေဒနာ ဖြစ်တည်လာပြီ ဌာနီဝေးလို့ ဆွေးရော့ထင့်လို့ပဲ အမည်ရှာမရ
ဟိုမကျ ဒီမကျ ဝေဒနာလို့သာ ဆိုရသာပေါ့။
ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတဲ့အချိန်မျိုးမှာတော့ ရထားသံကို မကြားမိလိုက်တတ်ဘူး။ အချိန်မှန်သွားတတ်တဲ့
ရထားတွေ ရှိနေပေမယ့် တစ်နေ့လုံးပင်လျင် ရထားတစ်စီးမှ ဖြတ်သွားတာကို မကြားမိလိုက်တဲ့နေ့မျိုးလည်း
ရှိခဲ့ဖူးတယ်။ တိတ်တိတ်ဆိတ်ဆိတ်လေး နေလိုချင်တဲ့အခါမျိုးမှာဆိုလျင်တော့ ဖြတ်သန်းသွားတဲ့ရထားများရဲ့
အသံက စိတ်ကို အနည်းငယ်အနှောင့်အယှက် ဖြစ်စေတတ်တယ်။ ဘူတာနဲ့ဝေးတဲ့နေရာမို့ အရှိန်ပြင်းပြင်းနဲ့
ဖြတ်သွားတတ်လို့ လူစီးရထားများရဲ့ ဖြတ်သန်းချိန်က ၁ဝ စက္ကန့်လောက်သာ ကြာမြင့်တတ်တယ်။ သို့ပေမယ့် ဒီ
၁ဝ စက္ကန့်လောက်အခိုက်အတန့်လေးသည်ပင် တခါခါမှတော့ ကြာမြင့်လွန်းလှတယ်လို့ ထင်မိတတ်ပြန်တယ်။
တခါတလေ ရှားရှားပါးပါးဖြတ်သွားတတ်တဲ့ ကုန်ရထားများကြီးများကတော့ ၁ မိနစ်ကျော်ကျော်ခန့် ကြာတတ်
တယ်။ နေထိုင်ရာအဆောက်အဦလေးကိုပင် သိမ့်သိမ့်လေးတုန်ခါစေတတ်တဲ့ ဒီကုန်ရထားကြီးများ အသံမျိုးဆို
လျင်ဖြင့် ဖြစ်သင့်တာထက်ပိုပြီး ဆူညံလွန်းတယ်လို့ ခံစားမိတတ်ပြန်တယ်။ သို့ပေမယ့်လည်း ဒီကုန်ရထားတွဲ
များပေါ်မှာ ပါလာလေ့ရှိတဲ့ မော်တော်ကားတွေ၊ ကုန်ပစ္စည်းအမျိုးအထွေထွေတွေက လူသားတွေ သွားလာ
လွယ်ကူရေးနဲ့ ဘဝရပ်တည်ရေးအတွက် အထောက်အပံ့ကိုဖြစ်စေ၊ ချောမွေ့စေတာမို့ ဒီရထားသံတွေ အစဉ်
အမြဲ ကြားနေရစေဖို့ကိုတောင် ဆူညံတယ်ထင်တဲ့ကြားကနေ ဆုတောင်းနေမိတတ်သေးတယ်။ လူတစ်ကိုယ်
စိတ်နှစ်မျိုး တိုးတိတ်ခြင်းနဲ့ တိုးတက်ခြင်းကြားမှာ ဗျာများလို့နေဖူးတာကိုလည်း သတိရမိတယ်။ ကြားခြင်း
မကြားခြင်းကို အခြေခံပြီး ဆူညံသံဆိုတာ အပြင်ကလာတာ မဟုတ်ဘူးရယ်လို့လည်း တွေးခဲ့မိဖူးတယ်။
ဒီနေ့ညဦးပိုင်းမှာတော့ ထူးထူးဆန်းဆန်း မြင်ကွင်းကိုမြင်ရတယ်။ အဆောင်လေးရှေ့မှာ ပန်းပင်တွေနဲ့ အလုပ်
များနေတဲ့ကြားက တအိအိခုတ်မောင်းလာတဲ့ ရထားခေါင်းတွဲသုံးတွဲကို စတင်မြင်ရတယ်။ မြင်နေကျမြင်ကွင်းနဲ့
မတူပဲ ရထားရှိန်က သိပ်နှေးလွန်းတယ်။ နောက်ပြီးလည်း ခေါင်းတွဲသုံးတွဲက မနိုင်ဝန်ကိုသယ်ဆောင်လာရတဲ့
သတ္တဝါကြီးများအလား အင်အားကုန်သုံးပြီး အားစိုက်ရုန်းကန်နေဟန် ပေါ်လွင်နေတယ်။ သက်မဲ့အရာများဖြစ်
ပေမယ့် သူတို့အမူအယာက သနားစရာဖြစ်နေသလို ခံစားရတယ်။
ရထားအောက်မှာ ပြားပြားမှောက် လဲလျောင်းနေတဲ့ သံလမ်းများကလည်း လေးပင်လွန်းတဲ့ဝန်ကို ထမ်းထားရတဲ့သူတွေအလား တဖျစ်ဖျစ်အသံပေးလို့၊ နာကျည်းညည်းတွားသံ ထွက်နေသလား လို့တောင် ခံစားထင်မှတ်မိတယ်။ ရထားတွဲများပေါ်မှာတော့စစ်မြေပြင်သုံး တင့်ကားကြီးတွေနဲ့ လောင်စာဆီတင် သံချက်ကာကားတွေက အပြည့်။
တွဲပေါင်းလေးငါးဆယ်ခန့်အရောက်လောက်မှာတော့ ရှေ့မှာတစ်ခုခုဖြစ်ပုံရတယ်။ ရထားကိုယ်တိုင်လား၊ သံ
လမ်းကလားတော့ မသိပါဘူး။ တုံ့နှေးနှေး ခုတ်မောင်းနေတဲ့ ရထားကြီးက လုံးဝရပ်တန့်သွားတယ်။ ထူးထူး
ဆန်းဆန်း မြင်တောင့်မြင်ခဲ မြင်ကွင်းမျိုးမို့ထင်ရဲ့။ သံလမ်းဘေးနေ ရပ်ကွက်တွင်းက လူတွေအမြောက်အများ
အိမ်အသီးသီးကနေ ထွက်လာပြီး ရှည်လျားလွန်းတဲ့ ရထားကြီးကို ဝိုင်းဝန်းရပ်တန့်ကြည့်ရှုကြတယ်။
ဒီလူတွေ ခုလိုဝိုင်းဝန်းကြည့်ရှုခြင်းဟာ ရထားကြီး ရပ်တန့်သွားရုံသက်သက်ကြောင့်လည်း မဟုတ်သလို ရထား
တွဲတွေ အလွန်ရှည်လွန်းတာကြောင့်လည်း မဟုတ်ပါဘူး။ ပုံမှန်မြင်ကွင်းမဟုတ်တဲ့ ရထားတွဲများပေါ်မှာ မြင်ရတဲ့
တင့်ကားကြီးများကြောင့်သာ ဖြစ်ပေလိမ့်မယ်။ ခပ်ကဲကဲ လူငယ်လူရွယ်များကတော့ ရပ်တန့်နေတဲ့ ရထား
တွဲများပေါ် ပြေးတက်ပြီး တင့်ကားကြီးတွေပေါ်ကိုတက်လို့ စတိုင်အမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်ကြတယ်။ ကလေးငယ်
များနဲ့ သက်ကြီးရွယ်အိုများကတော့ ရထားတွဲကြီးတွေကို နောက်ခံထားလို့ ဘေးမှာရပ်ကာ ပျော်ပျော်ပါးပါး
မှတ်တမ်းဓာတ်ပုံ ရိုက်ကြတယ်။ တစ်ဦးချင်းစီ ရိုက်သူကရိုက်၊ မိသားစုလိုက် ရိုက်သူရိုက်။ စစ်မြေပြင် မဟုတ်တဲ့
အရပ်မှာ တင့်ကားကြီးတွေ၊ သံချပ်ကာ စစ်ကားကြီးတွေ မြင်ရခြင်းဟာ ဒီလူတွေအတွက် အံ့သြပျော်ရွှင်ခြင်းကို
ဖြစ်စေပုံရတယ်။
တကယ်လို့သာ ခုလိုတင့်ကားကြီးတွေ ရထားပေါ်မှာသာ မဟုတ်ပဲ ကိုယ်နေထိုင်ရာကိုယ့်ရပ်ကွက်ထဲ၊ ကိုယ့်
လမ်းထဲကို တိုက်ခိုက်ခြေမှုန်းဖို့ ရောက်လာတာမျိုးဆိုလျင် ခုလိုပဲ သူတို့တွေ မှတ်တမ်းဓာတ်ပုံ ရိုက်လိုကြ
ပါဦးမလား။ ထူးထူးဆန်းဆန်း မြင်ရတဲ့ တင့်ကားကြီးတွေကို ကြည့်ရှုလိုလို့ ဒီနေရာကသူတွေ အိမ်ထဲက ထွက်
ကြည့်ကြရတဲ့ တစ်ချိန်ထဲမှာ ကမ္ဘာကြီးရဲ့ အခြားတစ်နေရာမှာတော့ ခုလိုတင့်ကားတွေ၊ သံချပ်ကာ စစ်ကားကြီး
တွေ၊ သူတို့နေထိုင်ရာ လမ်းထဲ ရပ်ကွက်ထဲကို မထင်မှတ်ပဲ ဆိုက်ရောက်လာလို့ ထွက်ပြေးတိမ်းရှောင်
နေကြသူတွေလည်း အများအပြားရှိပေလိမ့်မယ်။ စစ်ကားဆိုလျင် အထူးတလည် ကြည့်မြင်လိုဖို့ မဆိုထားနဲ့
အသံတောင်မှ မကြားချင်လောက်အောင်ပင် စစ်ကိုနာကျည်းမုန်းတီးနေသူတွေလည်း ရှိပေလိမ့်မယ်။
ကိုယ့်ရှေ့မှာမြင်နေရတဲ့ ရထားတွဲများက ရေတွက်လို့မဆုံးနိုင်အောင်ပင် ရည်လျားလွန်းတယ်။ မြင်ရသလောက်
ရေကြည့်တာပင် တွဲပေါင်းများစွာ။ ရှေ့မှာလည်း မဆုံးနိုင်စွာ၊ နောက်မှာလည်း မြင်ကွင်းတဆုံး။ တွဲပေါင်းရာ
ကျော်ရှည်တဲ့ ရထားပေါ်မှာ မြင်ရတဲ့ ဒီတင့်ကားကြီးတွေ၊ သံချပ်ကာကားတွေက လူပေါင်း ဘယ်လောက် များ
များရဲ့ အသက်ဇီဝိန်တွေကို ခြွေလေဦးမလဲ။ ဒါမှမဟုတ် ခြွေခဲ့ပြီးလေပြီလဲ။ ဒါကိုလည်း ဘယ်သူတစ်ဦးတစ်
ယောက်မှ တိတိကျကျ ပြောပြနိုင်မယ် မဟုတ်လေဘူး။
ဒီတင့်ကား တစ်စီးတစ်စီးရဲ့ ကုန်ကျစရိတ်အတွက် ကမ္ဘာပေါ်က ကလေးငယ်ပေါင်း ဘယ်လောက်များများရဲ့
ထမင်းလုပ်ပေါင်းများစွာနဲ့ အစားထိုး တည်ဆောက်ခဲ့ရလေမလဲ။ ဒီစစ်ကားတစ်စီးရဲ့ ပြောင်းဝကနေ ပစ်လွှတ်
လိုက်တဲ့ ကျည်တစ်တောင့်ရဲ့ တန်ဖိုးက ဟိုး မဖွံ့ဖြိုးသေးတဲ့ဒေသက အသိပညာငတ်နေတဲ့ ကျောင်းသားများ
ပညာသင်ကြားရာ စာသင်ကျောင်းတစ်ကျောင်းဆောက်ဖို့အတွက် လုံလောက်တဲ့ငွေကြေး ဖြစ်လေမလား။
ဇီဝိန်ခြွေ စစ်လက်နက်ကြီးများရဲ့ ကုန်ကျစရိတ်က ဇီဝိန်ကြွေစေတတ်တဲ့ ရောဂါကြမ်းတစ်ခုခုကြောင့် အသက်
သေလုလုဖြစ်နေတဲ့ လူနာပေါင်းများစွာ အသက်ရှင်သန်နိုင်စေရေးအတွက်ကော ကြီးမားတဲ့ အထောက်အပံ့
ကောင်း မဖြစ်စေသင့်ဖူးလား။ လားပေါင်းများစွာနဲ့ အတွေးက မဆုံးနိုင်အောင်ပင် ရှည်လျားကျယ်ပြန့်သွား
တယ်။
မိုးပေါက်လေးတွေ တဖွဲဖွဲကျရောက်နေတဲ့ ခုလိုအမှောင်ပျိုးစ ဆောင်းတစ်ညမှာ ဟိုနားဒီနားကနေ တစစ
လင်းလက်လာတဲ့ မီးရောင်ပျပျအောက်မှာ မြင်ရတဲ့လူသတ်လက်နက် တင့်ကားကြီးများက တစတစနဲ့ အသက်
ဝင်လာတဲ့ ဘီလူးကြီးတွေအလား စိတ်ထဲထင်မှတ်လာတယ်။ ရထားတွဲအရှည်ကြီးတစ်ခုလုံးကို ကိုင်ဆွဲပြီး ဟိုး
လူသူမနီးတဲ့ သမုဒ္ဒရာ ရေပြင်ကျယ်ကျယ်ကြီး တစ်ခုခုအောက်ကို သွားရောက်မြှုပ်ပစ်ချင်စိတ် ဖြစ်လာတယ်။
ဒီလူသတ်လက်နက်တွေအစား စားစရာ အစားအစာတွေ၊ ဝတ်စရာ အဝတ်အစားတွေ၊ နေထိုင်စရာ အဆောက်
အဦပစ္စည်းတွေများ တင်ဆောင်လာတာဖြစ်လိုက်ရင် ဘယ်လောက်များ ကောင်းလေမလဲလို့ ကိုယ်ဖြစ်စေချင်
တဲ့အတိုင်း တွေးလိုက်မိသေးတယ်။
စစ်မြေပြင်သုံး တင့်ကားကြီးတွေ၊ သံချပ်ကာကားတွေ မြောက်များစွာ တင်ဆောင်ထားတဲ့ ရထားကြီးကတော့
ခုလောက်ဆိုလျင်ဖြင့် မိုင်ပေါင်းတော်တော်ဝေးဝေးဆီကို ရောက်နေလောက်ပြီ။ သို့ပေမယ့် ကိုယ့်အတွေးထဲ
မှာတော့ ရထားတွဲရှည်ကြီးက ဘယ်ကိုမှ မရွေ့လျားနိုင်သေးပဲ ရပ်တန့်လို့နေနေဆဲ။ ကိုယ့်အတွေးထဲမှာ ရပ်
တန့်နေတဲ့ရထားကြီးလိုပဲ ကမ္ဘာ့ဒေသအသီးသီးမှာ ဖြစ်နေကြတဲ့ လူမျိုးတုံး စစ်ပွဲရှည်ကြီးတွေ၊ လူသတ်လက်
နက်ထုတ် စစ်လက်နက်စက်ရုံကြီးတွေလည်း ခုချက်ခြင်းပင်လျင် ရပ်တန့်လို့ သွားစေချင်ပါရဲ့။ ။

up