သစ်ပင်စိုက်ပြီးရင် ရေလောင်းပါ  

ရဝေနွယ် (အင်းမ)
 

မြတ်စွာဘုရားလက်ထက်တော်က အညတရာအမျိုးသမီးလေးတစ်ယောက် ရှိခဲ့ဖူး ပါတယ်။အညတရာဆိုတာ မထင်ရှားတဲ့သူလို့ အဓိပ္ပါယ်ရပါတယ်။ သူက မိထွေးတော်ဂေါတ မီဆီမှာ အလုပ်အကျွေး အပျိုတော်အဖြစ် အမှုထမ်းပါတယ်။



မိထွေးတော်ဂေါတမီ ရဟန်းပြုသွားတဲ့အခါမှာလည်း သူက သခင်မနဲ့အတူ လိုက်ပြီးရဟန်းပြုခဲ့ပါတယ်။


ရဟန်းပြုတော့လည်း အညတရာထေရီလို့ပဲ နာမည်တွင်ခဲ့ပါတယ်။   သခင်မကို သံယောဇဉ်ရှိလို့ လိုက်ပြုတာ ဖြစ်တဲ့အတွက် သာသနာမှာ မပျော်ခဲ့ ပါဘူး။ နှစ်ဆယ့် ငါးနှစ်ပတ်လုံး ကာမရာဂစိတ်တွေ နှိပ်စက်နေတဲ့အတွက် မျက်စိတစ်မှိတ် လျှပ်တစ်ပြက် စာလောက်တောင် သမာဓိမရဘူးလို့ ဆိုပါတယ်။ စိတ်တွေက အိမ်ရာ တည်ထောင် ကာမဂုဏ်ဘက်ကိုပဲ ညွတ်နေခဲ့ပါတယ်။


တစ်နေ့မှာတော့ ကာမရာဂစိတ်တွေ နှိပ်စက်လွန်းလို့ လက်မောင်းနှစ်ဘက် ကိုမြှောက်ပြီး ငိုကြွေးရင်း ဓမ္မဒိန္နာထေရီဆီ ပြေးသွားပါတော့တယ်။ ဓမ္မဒိန္နာထေရီ ဆီရောက်တော့ ကာမရာဂစိတ်တွေနှိပ်စက်လို့ ငိုရတဲ့ အကြောင်းလျှောက်ပြပါတယ်။ဒီတော့ဓမ္မဒိန္နာထေရီကခန္ဓာ,အာယတန,ဓာတ်တရားစကားတွေ ဟောပေးခဲ့ ပါတယ်။


အညတရာထေရီလည်း ဆိတ်ငြိမ်ရာအရပ်ကိုသွားပြီး ဓမ္မဒိန္နာထေရီသင်ပေး လိုက်တဲ့ကမ္မဋ္ဌာန်းနည်းအတိုင်း ကြိုးစားအားထုတ်ပါတော့တယ်။ နေ့ညမပြတ် ကြိုးစား အားထုတ်လိုက်တာ မကြာခင်ကာလမှာပဲ အာသဝေါကုန်ခမ်းပြီး အဘိဉာဏ်ခြောက် ပါးနဲ့တကွ ရဟန္တာမ ဖြစ်သွားပါတော့တယ်။

   ရဟန္တာမဖြစ်သွားတော့  သူ့ဘဝ ဇာတ်ကြောင်း ဖြစ်စဉ်တွေကို ဂါထာလေးတွေ နဲ့ ပြန်ဟောပြပြီး မှတ်တမ်းတင်ခဲ့ပါတယ်။ 

(ထေရီအဋ္ဌကထာ၊ စာမျက်နှာ ၇၈-၇၉)



နောက်ဆုံးကျတော့လည်း ဝိပဿနာကပဲ လက်ရှိဘဝပြဿနာ ကို ဖြေရှင်းပေး လိုက်တာပါပဲလေ။ ရှေးရှေးထေရီထေရာ အရှင်မြတ်တွေဟာ ဘဝပြဿနာ လောကဓံ ဆိုးတွေကို ဝိပဿနာနဲ့ပဲ ဖြေရှင်းသွား ကြတာပါ။

 

ဝိပဿနာလမ်းကြောင်းပေါ်လျှောက်လို့ ဆိုင်ရာမဂ်အဆင့်ဆင့်ကို ရသွားတဲ့အခါ မှာတော့ ဘယ်သော အခါမှ နောက်ကြောင်းပြန်မလှည့်တော့ပါဘူး။ အေးငြိမ်းတဲ့ဘဝကိုယ်စီ ရသွားကြပါပြီ။



အတိတ်အတိတ်ဘဝတွေက ပါလာတဲ့ အကုသိုလ်ဝါသနာ စရိုက်ဆိုးတွေဟာ ဒီပစ္စုပ္ပန်ဘဝမှာ လူကို ကမောက်ကမဖြစ်သွားအောင် သိပ်ဒုက္ခပေးတာပါ။ ကိလေသာ ရဲ့နှိပ်စက်မှုကို အလူးအလဲခံရတော့ လူက ဘာလုပ်လို့ဘာကိုင်ရမှန်းတောင် မသိတော့ ပါဘူး။


စရိုက်တွေကတော့ ပုံစံမျိုးစုံနဲ့ ပါလာကြတာပါ။ ရာဂစရိုက်ပါလာ တဲ့လူက ဒေါသဖြစ်စရာ လောဘ ဖြစ်စရာ စသည်တွေ ဘယ်လောက်ပဲတွေ့တွေ့ ဘာမှမဖြစ် ပါဘူး။ တည်တည်ငြိမ်ငြိမ်ပါပဲ။ ဒါပေမယ့်လည်း တပ်မက်စရာ အာရုံနဲ့ တွေ့ရတဲ့အခါမှာတော့ ပုံမှန်ထက် တုန်တုန်လှုပ်လှုပ် ဖြစ်သွားကြရပါတယ်။ ဒီလိုပါပဲ ဒေါသစရိုက်ပါလာတဲ့ သူကလည်း တပ်မက်စရာအာရုံနဲ့ ကြုံလာရပေမယ့် ဘာမှမဖြစ်ပါဘူး။ ဒေါသဖြစ်စရာ အာရုံနဲ့ ကြုံလာတဲ့ အခါမှာတော့ စိတ်မထိန်းနိုင်ဘဲ ပေါက်ကွဲကြတော့တာပါ။



တစ်ယောက်နဲ့တစ်ယောက် ပါလာတဲ့ အထုံစရိုက်ချင်းကတော့ တြူကမှာ မဟုတ်ပါဘူး။ စရိုက်စုံ ၀ါသနာစုံ ရှိနေကြမှာပါ။ တစ်ကိုယ်ကောင်းဆန်တာ၊ သူတစ်ပါးကို ညှဉ်းဆဲတတ်တာ၊ သူတစ်ပါးကို အနိုင် ယူတာ၊ အရွဲ့တိုက်တာ၊ ရာထူးတပ်မက်တာ၊ ရတနာသုံးပါးကို ကြည်ညိုတာ၊ သူတစ်ပါးကို ကူညီတတ်တာ၊ ကိုယ်ကျိုးစွန့် အနစ်နာခံတတ်တာ၊ တရားပွဲကျင်းပချင်တာစသဖြင့် စရိုက်မျိုးစုံ၊ ၀ါသနာမျိုးစုံ ရှိနေကြ တာပါ။


တစ်ခါတလေကျတော့လည်း ဖြစ်ပေါ်လာတဲ့ အကုသိုလ်ကိလေသာကို မနိုင်လို့ မှားသွားကြရတာ တွေလည်း ရှိပါတယ်။ အချိန်တစ်ခုကြာမှပဲ မှားသွားပြီဆိုတာ သိရတော့တာပါ။ သိတော့လည်း ပြန်တည် ဆောက်နိုင်ရမှာပါပဲ။ တချို့ကျတော့လည်း လူ့ဘဝရောက်လာတာနဲ့ ကာမဂုဏ်ခံစားချင်စိတ်မရှိဘဲ တောထွက် ဖို့ တရားအားထုတ် ဖို့ကိုပဲ စိတ်ညွတ်နေကြတာပါ။ ဥပမာ - ပိပ္ပလိဇနီးမောင်နှံမျိုးပါ။ သူတို့ကတော့ ကိလေသာ ရဲ့ နှိပ်စက်မှုကို သိပ်မခံလိုက်ရပါဘူး။ သက်သက်သာသာနဲ့ပဲ တရားထူး တရားမြတ်တွေ ရသွားကြတာပါ။

 


မဟာဝိသုဒ္ဓါရုံဆရာတော်ကြီးက ရှေးအကြောင်းအားလျှော်စွာ ဒီဘဝမှာ ထူပြော အားကြီးဖြစ်လာတဲ့ ရာဂ၊ ဒေါသ၊ မောဟ၊ ဝိတက်တွေကို နောက်ဘဝတွေမှာ ထူပြောအားကြီးစွာ မဖြစ်ရအောင် ကုသိုလ်ပြုတဲ့အခါ ဆုတောင်းဖို့ ရေးပြထားပါတယ်။


ဆုတောင်း


ဣမိနာ မေ ရာဂါဒယော၊ တနူ ဟောန္တု ဘဝါဘဝေ။ 

ဟောမိ'ဟံ သီလဝါ သဒ္ဓေါ၊ ပညဝါ သုသမာဟိတော။


မေ၊ ငါ၏ ။ ဣမိနာ၊ ဤကောင်းမှုကြောင့်။ မေ၊ ငါ့အား။ ဘဝါဘဝေ၊ ကြီးငယ်ဘဝဖြစ်သမျှ၌။ ရာဂါဒယော၊ ဒိဋ္ဌိ, မာန စသည်ဝန်းရွေ ရံခြွေနှင့်တကွ ဖြစ်ကုန်သော ရာဂ, ဒေါသ, မောဟ, ဝိတက် တရားပျက်တို့သည်။ တနူ၊ ယင်တောင် ပုစဉ်းတောင်အလား ခေါင်းပါးကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်သတည်း။ အဟံ၊ ငါသည်။ ဣမိနာ၊ ဤကောင်းမှုကြောင့်၊ သီလဝါ၊ ပကတူပ အထုံရ၍ သီလနှင့်ပြည့်စုံ သည်။ ဟောမိ၊ ဖြစ်ရလို၏။ သဒ္ဓေါ၊ ရတနာသုံးတန် ကံ၊ ကံ၏အကျိုးကို ယုံကြည်ခြင်းသဒ္ဓါရှိသည်။ ဟောမိ၊ ဖြစ်ရလို၏။ ပညဝါ၊ ဆုတ်ဆိုင်းမရှိ ဟုတ်တိုင်း သိသော ပညာနှင့်ပြည့်စုံသည်။ ဟောမိ၊ ဖြစ်ရလို၏။ သုသမာဟိတော၊ လွန်စွာကြံ့ခိုင် ယိမ်းယိုင်မရှိ တည်ကြည်ခြင်း သမာဓိနှင့် ပြည့်စုံသည်။ ဟောမိ၊ ဖြစ်ရလို၏။


(ပရမတ္ထသရူပဘေဒနီကျမ်း။ ဒုတိယတွဲ၊စာမျက်နှာ ၁၆ဝ)



ဥပမာ - မြတ်စွာဘုရားကို သောက်တော်ရေကပ်ပြီး "ဤသောက်တော်ရေ ကပ်လှူရသော ကောင်းမှု သည် နိဗ္ဗာန်၏အထောက်အပံ့ဖြစ်ပါစေ၊ နိဗ္ဗာန်ရဖို့ရာ ပါရမီဖြည့်စဉ်ကာလအတွင်း ဒေါသနည်းသူ ဖြစ်ရပါလို၏" စသည်ဖြင့် ကိုယ့်မှာရှိတဲ့ ဝါသနာစရိုက်ဆိုးကို "နာမည်တပ်"ပြီး ကိုယ်နားလည်သဘောပေါက်သလို ဆုတောင်းလို့ လည်း ရပါတယ်။ စကားလုံးကွဲပြားပေမယ့် သဘောသက်ရောက်မှုကတော့ အတူတူပါပဲ။ ဒါဆို တဖြည်းဖြည်း လျော့လျော့လာမှာပါ။



ဝါသနာစရိုက်ဆိုးတွေ ခေါင်းပါးအောင် လုပ်တဲ့နေရာမှာ ဆုတောင်းခြင်းကိုလည်း အားကိုးတစ်ခုအနေနဲ့ လုပ်ရမှာပါ။ ကိုယ်က အလွတ်ဆုတောင်းတာမဟုတ်ဘဲ အလုပ်နဲ့တွဲပြီး ဆုတောင်းတာဖြစ်တဲ့အတွက် အများကြီး အထောက်အပံ့ပေးမှာပါ။ အလုပ်နဲ့ဆုတောင်း အစဉ်သဖြင့်ရှိနေရင် အကုသိုလ်လုပ်ချင်စရာ တွေးဦး, တွေ့ဦးတော့ ကိုယ် မြတ်မြတ်နိုးနိုး တောင်းနေတဲ့ ဆုတောင်းလေးကို သတိရပြီး လုပ်ချင်စိတ် လျော့သွား မှာပါ။

 


သာသနာမှာ " စာတတ်ငါးခုန်၊ စာကုန်မန်ကျည်းတော၊ စာပြောသဲအင်း " ဆိုပြီး သမိုင်းတင်ခဲ့ပါတယ်။ စာတတ်တဲ့နေရာမှာ ငါးခုန်ဆရာတော်ဘုရား၊ စာကုန်တဲ့နေရာမှာ မန်ကျည်းတောဆရာတော်ဘုရား၊ စာပြော တဲ့နေရာမှာ သဲအင်းဆရာတော်ဘုရားရယ်လို့ ဆရာစဉ်ဆက် ပြောစမှတ်ပြုခဲ့ကြတာပါ၊ အဲဒီအထဲက ငါးခုန် ဆရာတော်ဘုရားကြီးဟာ စာတတ်ရုံတင်မကပါဘူး၊ ဘုရားဆုပန်ထားတဲ့ဆရာတော်ဘုရားကြီးပါ။

 

 

ဘုရားဆုပန် ထားတဲ့ ငါးခုန်ဆရာတော်ဘုရားကြီးဟာ တစ်ခါတလေ ပုထုဇဉ် အားလျှော်စွာ ရင်ထဲမှာ ဒေါသစတဲ့ အကုသိုလ် တရားတွေဖြစ်လာရင်  ဘုရားရှေ့ကိုသွားပြီး “မြတ်စွာဘုရား...တပည့်တော်ငါးခုန်ရဲ့ သန္တာန်မှာ ယုတ်မာ ဆိုးဝါးတဲ့ ဒေါသတွေ ဝင်ရောက်နှောင့်ယှက်ဖျက်ဆီးနေပါတယ်ဘုရား။ ဒေါသကင်းဝေးတော်မူသော မြတ်စွာဘုရားအား အကြိမ်ကြိမ် ရှိခိုးကန်တော့ပါ၏ဘုရား။ ဘုရားတပည့်တော်ရဲ့သန္တာန်မှာ စွဲလမ်းကပ်ငြိနေတဲ့ ဆိုးဝါးလှတဲ့ ဒီဒေါသ ကိလေသာကို ကယ်မပယ်ချွတ်တော်မူပါဘုရား” လို့လျှောက်ပြီး ဒေါသကို တဒင်္ဂအနေနဲ့ မငြိမ်းမချင်း ဘုရားရှင်ရှေ့မှာ ဝတ်ပြုနေလေ့ ရှိတယ်လို့ ဖတ်ရပါတယ်။

 


ကိုယ်ကလည်း ငါးခုန်ဆရာတော်ဘုရားကြီးနည်းကိုအတုယူပြီး အကုသိုလ်တစ်ခုခု ရင်ထဲဝင်လာရင် မြတ်စွာဘုရားရှေ့သွားပြီး လျှောက်ထားဆုတောင်းလို့လည်း ရတာပါပဲ။ ဘယ်နည်းနဲ့ပဲပျောက်ပျောက် ပျောက်ဖို့က အဓိကပါ။ ဒါတွေဟာ တကယ့်မဖြစ်မနေ အတုခိုးရမယ့်နည်းကောင်းတွေပါပဲ။

 


စာရေးသူလည်း ကိုယ်မလိုချင်တဲ့ အကုသိုလ်တွေ ရင်ထဲရောက်လာရင် ငါးခုန်ဆရာတော်ဘုရားကြီးနဲ့ မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီးနှစ်ပါးရဲ့ နည်းအတိုင်း  မြတ်စွာဘုရားရှေ့သွား၊ မြတ်စွာဘုရားကို သောက် တော်ရေကပ်ပြီး ကိုယ့်ရင်ထဲမှာဖြစ်နေတဲ့ အကုသိုလ်တွေကို သူများမကြားအောင် ခပ်တိုးတိုးလျှောက်ပြ၊ ပြီးတော့ "…….. အကုသိုလ်တွေမဖြစ်ရပါလို၏ဘုရား" လို့ သုံးကြိမ်လောက် ဆုတောင်းမိပါတယ်။

 

 

တစ်ခါတလေ ကိုယ်မလိုချင်တဲ့ အကုသိုလ်က နည်းနည်းကြီးနေ မယ်၊ ဖြစ်ကြော ရှည်နေမယ်ဆိုရင်တော့  ရေချမ်းအပြင် ပန်းပါကပ်ပြီး ဆုတောင်းဖြစ် ပါတယ်။ ဒါတွေကတော့ အရေးပေါ်ဆုတောင်းပြီး အကုသိုလ်ပယ်နည်းတစ်ခုပါပဲ။ ဆုတောင်း လိုက်ရင်ပဲ ဖြစ်နေတဲ့အကုသိုလ်က သက်သာသွားတာများပါတယ်။

 


ရာဂ ဒေါသ မောဟ ဣဿာမစ္ဆရိယစတဲ့ အကုသိုလ် ကိလေသာတွေ နှိပ်စက်တဲ့ အခါ ကိုယ့်ကို တရားစကားပြောပြပေးမယ့် မိတ်ကောင်းဆွေကောင်းတွေလည်း သိပ်လိုအပ်ပါတယ်။ အညတရာထေရီကို တော့ ဓမ္မဒိန္နာထေရီက တရားစကားပြောပေးခဲ့ ပါတယ်။

 


ဓမ္မဒိန္နာဆိုတာ အနာဂါမ် ဝိသာခရဲ့ ဇနီးပါ။ ဘိက္ခုနီမ ဝတ်ပြီး တရားအားထုတ်လိုက်တာ ခင်ပွန်းထက် တစ်ဆင့်ကျော်ပြီး ရဟန္တာဖြစ်သွားတဲ့ ထေရီမပါ။ ဓမ္မဒိန္နာထေရီ တရားထူးရသွားတာလည်း ခင်ပွန်းဝိသာခရဲ့ ကူညီပံ့ပိုးမှုတွေ အများကြီးပါခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံလည်း ကိလေသာရဲ့ နှိပ်စက်မှုကို သိပ်မခံရဘဲ တရားထူးတွေ ကိုယ်စီရသွားကြတဲ့သူတွေပါ။

 


ဘယ်လိုကိလေသာတွေက ဘယ်လိုပုံစံနဲ့ပဲ နှိပ်စက်နှိပ်စက် တကယ်အားကိုးရာ ကတော့ ဝိပဿနာ ပါပဲ။ တရားထူးမရရင်တောင် တစ်ချက်မှတ် တစ်ချက်ကိလေသာ ကိုပယ်နေတာဆိုတော့ တစ်မှတ်ချင်းမှာ စိတ်အေးချမ်းမှုကိုရနေတာပါ။ ကိလေသာနှိပ် စက်လို့ပဲဖြစ်ဖြစ် လောကဓံဆိုးတွေ နှိပ်စက်လို့ပဲဖြစ်ဖြစ် နောက်ဆုံးတော့ ဘာဖြစ်လဲ၊ တရားအားထုတ်နေလိုက်ရုံပါပဲ။

 


မြတ်စွာဘုရားက အဂုင်္ုတ္တိုရ်ပါဠိတော် အနုဂ္ဂဟိတသုတ်မှာ ချီးမြှောက်ခြင်း(၅)မျိုးနဲ့ ချီးမြှောက်ဖို့ ဟောကြားထားပါတယ်။ ချီးမြှောက်ခြင်း(၅)မျိုးက -


၁။ သီလနဲ့ ချီးမြှောက်ခြင်း 

၂။ သုတနဲ့ ချီးမြှောက်ခြင်း 

၃။ တရားဆွေးနွေးခြင်းနဲ့ ချီးမြှောက်ခြင်း 

၎။ သမထနဲ့ ချီးမြှောက်ခြင်း 

၅။ ဝိပဿနာနဲ့ ချီးမြှောက်ခြင်း တို့ ဖြစ်ပါတယ်။

 


ဒါကို အဋ္ဌကထာက ဥပမာလေးနဲ့ ပြထားပါတယ်။ သစ်ပင်စိုက်ထားရင် ကိုယ်စိုက်ထားတဲ့သစ်ပင်ကို ခြံလည်းခတ်ထားရပါတယ်။ ရေလည်းလောင်းပေးရပါတယ်။ ပေါင်းလည်းသင်ပေးရပါတယ်။ သစ်ပင်မှာ ကျလာတဲ့ ပိုးကောင်လေးတွေကိုလည်း ဖယ်ရှားပေးရပါတယ်။ ပင့်ကူမျှင်နွယ်ပင်တွေကိုလည်း ဖယ်ရှားပေး ရပါတယ်တဲ့။

 


အတွဲဥပမာလေးတွေက သီလက ခြံခတ်ထားတာနဲ့တူပါတယ်တဲ့။ သုတ က ရေလောင်းတာနဲ့ တူပါ တယ်တဲ့။ ဆွေးနွေးတာက ပေါင်းသင်တာနဲ့ တူပါတယ်တဲ့။  သမထက ပိုးကောင်လေးတွေကို ဖယ်ရှားပေး တာနဲ့ တူပါတယ်တဲ့။ ဝိပဿနာက ပင့်ကူ မျှင်နွယ်ပင်လေးတွေကို ဖယ်ရှားပေးတာနဲ့ တူပါတယ်တဲ့။

 


သစ်ပင်တစ်ပင်စိုက်ရင် ဒီအစီအစဉ်လေးတွေကို လုပ်ပေးရပါတယ်။ လုပ်မပေးရင် ကိုယ်စိုက်ထားတဲ့ သစ်ပင်ဟာ ညှိုးနွမ်းပြီး သေသွားနိုင်ပါတယ်။

 


စာရေးသူ လေးလကျော်ကျော်လောက် ခရီးတစ်ခုထွက်ဖြစ် ပါတယ် ။ ပြန်လာ တဲ့အခါကျတော့ စိုက်ခဲ့တဲ့ သစ်ပင်တွေက အရွက်တွေမရှိတော့ သလောက် ခြောက်သွေ့နေ ပါတော့တယ်။

 

သက်မဲ့ဖြစ်တဲ့ သစ်ပင်နွမ်းနွမ်း ခြောက်ခြောက်တွေကို မြင်ရတာ တကယ့် စိတ်မချမ်းသာစရာမြင်ကွင်းတွေပါပဲ။

 


ရောက်ရောက်ချင်း စိုက်ခဲ့တဲ့သစ်ပင်တွေကိုကြည့်ပြီး  မပျော်တော့ပါဘူး။ ဒါကြောင့် သစ်ပင်ကျွမ်းကျင် တဲ့သူတွေကို ဖုန်းဆက်ခေါ်ရပါတယ်။ သူတို့လည်း ချက်ချင်းရောက်လာပြီး သစ်ပင်အပွေးတွေကို လက်သဲနဲ့ ဆိတ်ကြည့်၊ အရွက်တွေကိုကိုင်ကြည့်နဲ့ ဆရာဝန်တစ်ယောက်က လူနာတစ်ယောက်ကို ကြည့်သလိုပါပဲ။

 


ပြီးတော့"ရေလောင်းရမယ်၊ အောက်ခြေမြက်ရှင်းရမယ်၊ ပေါင်းသင်ရမယ်၊ မြေလုံးခွဲပြီး ရေနေအောင် ခွက်ကျင်း လုပ်ရမယ်၊ ဆေးကျွေးရမယ်၊ ပိုးသတ်ဆေးဖြန်းရမယ်" လို့ပြောပြီး ကိုယ်တိုင်ပဲလုပ်ပေးကြပါတယ်။


 

အဲဒီအထဲက "ပိုးသတ်ဆေးတော့မဖြန်းပါနဲ့"လို့ တောင်းပန်ရပါတယ်။ ပိုးကောင်လေးတွေ မသေစေချင်သလို သတ်လည်း မသတ်ချင်ပါဘူး။ ဒါပေမယ့်လည်း သုံးသိန်းတန်သစ်ပင်တချို့ အောက်ခြေပိုးကိုက်ပြီး သေသွားတော့လည်း နှမြောရပြန်ပါတယ်။

 

သုံးပတ်ကျော်ကျော်လောက်အကြာမှာတော့ ရွက်နုလေးတွေ ပြန်ထွက် လာခဲ့ပါတယ်။ စိမ်းစိုလာတဲ့သစ်ပင်တွေ ပြန်မြင်ရတော့လည်း စိတ်က ပြန်ပျော် သွားရပြန်ပါတယ်။ သစ်ပင်ညှိုးနွမ်းနွမ်းတွေကို ကိုယ်တိုင်လည်းမမြင် ချင်သ လို ရောက်လာတဲ့သူတွေကိုလည်း မမြင်စေချင်ပါဘူး။ ဒါကြောင့် ရေလောင်းတာ ပုံမှန်ထက်ရွှဲအောင် လူတိုးပြီး လောင်းရပါတော့တယ်။

 


ကိုယ်စိုတ်ထားတဲ့သစ်ပင်လေး ရေလောင်းလိုက်လို့ အညွန့်တဝေဝေ အရွက် တဖားဖား စိမ်းစိမ်း စိုစိုဖြစ်လာတဲ့အခါ စိတ်ချမ်းသာရသလို ကိုယ်စိုက်ထားတဲ့ သစ်ပင်စိမ်းစိမ်းအောက်မှာ ထိုင်ရတာလည်း တကယ့်အရသာတစ်ခုပါပဲ။


 

ဒီလိုပါပဲ ကိုယ့်ကိုယ်ကိုတော့ အေးချမ်းအောင်နေကြရမှာပါပဲ။


ဘဝကလည်း သစ်ပင်တစ်ပင်လိုပါပဲ။ ရေလောင်ပေါင်းသင်ဆေးကျွေးနေနိုင်မှ စိတ်ကလေးတွေက လန်းနေတာပါ။ ရေမလောင်းဖြစ်တာနဲ့ စိတ်က ညှိုးလာတာပါ။ ပုထုဇဉ်သစ်ပင်တစ်ပင်ဟာ စိမ်းစိုတလှည့် ခြောက်သွေ့တလှည့်ပါပဲ။


 

အမြဲတမ်းလည်း စိမ်းစိုမနေနိုင်သလို အမြဲတမ်းလည်း ခြောက်သွေ့မနေနိုင်ပါဘူး။ စိတ် ညှိုးနွမ်းလာတဲ့အခါ ချီးမြှောက်ခြင်း ငါးမျိုးနဲ့ ချီးမြှောက်ပေးရပါမယ်။ စိတ်ညှိုးနွမ်းရင် ဘဝက နေရတာလည်း မပျော်တော့ပါဘူး။ တစ်ခါတလေကျတော့လည်း ကိုယ့်ရုပ်နဲ့စိတ်ကို စောင့်ရှောက်နေတဲ့ကြားကပဲ အာရုံတချို့ ကြောင့် ညှိုးနွမ်းသွားရတာတွေလည်းရှိတတ်ပါတယ်။ဒီတော့လည်း ကိုယ့်ကိုယ်ကို ရေပြန်လောင်းရုံ ပါပဲ။

 


ပုထုဇဉ်တစ်ယောက်ရဲ့ဘဝမှာ ကိုယ့်စိတ်ကလေးကို အထူးစောင့်ရှောက်ပေးနေ မှ တော်ကာကျတာပါ။ ဒါတွေက အသက်ကြီးတာငယ်တာတွေနဲ့ မဆိုင်ပါဘူး။ အသက်ကြီးပေမယ့်လည်း ရင့်ကျက်ချင်မှ ရင့်ကျက်တာပါ။ အသက်ငယ်ပေမယ့်လည်း ရင့်ကျက်ချင် ရင့်ကျက်နေတာပါ။

 


အထူးသဖြင့် ရုပ်နာမ်တွေ ညှိုးနွမ်းလာရင် ဘုရားခန်းထဲသွားပြီး သီလယူ သမထ ဝိပဿနာ ပွားနေလိုက်တာကအကောင်းဆုံးပါပဲ။ ဒါဆို ညှိုးနွမ်းနေတဲ့ ရုပ်နာမ်တွေက ပြန်လန်းလာတာများပါတယ်။ ရုပ်နွမ်းစိတ်နွမ်းကို ဖြေဖျောက်စရာ အာရုံမျိုးစုံတော့ ရှိနေမှာပါ။


 

ဒါပေမယ့် မြတ်စွာဘုရား ဟောကြားထားတဲ့ ရေလောင်းပေါင်းသင်မှုတွေနဲ့ ဖြေဖျောက်တာကတော့ အကောင်းဆုံးပါပဲ။

 


ကိုယ့်ရုပ်နာမ်တွေ ကြည်လင်လာတဲ့အခါ ကိုယ်လည်းစိတ်ချမ်းသာရသလို ကိုယ့်ဝန်း ကျင်တစ်ခုလုံးလည်း စိတ်ချမ်းသာရတော့တာပါ။ ကိုယ်စိတ်မချမ်းသာရင် ကိုယ်နဲ့ဆက်စပ်သမျှ ဝန်းကျင်အားလုံး စိတ် မချမ်းသာရပါဘူး။ အများနဲ့ထိတွေ့ဆက်ဆံနေ ရတဲ့သူဆို ပိုလို့တောင် စိတ်ချမ်းသာအောင်နေရဦးမှာပါ။ ဒါမှ ကိုယ်နဲ့ထိတွေ့ ဆက်ဆံရသူအားလုံး ကိုယ့်ကိုအမှီပြုပြီး စိတ်ချမ်းသာကြမှာပါ။

 


မြတ်စွာဘုရားဟောကြားတဲ့ ချီးမြှောက်ခြင်း(၅)မျိုးက လူတစ်ယောက်အတွက် မဖြစ်မနေလိုအပ်တဲ့ ချီးမြှောက်ခြင်းတွေပါ။ သူများကို ချီးမြှောက်ရတာလည်း မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ချီးမြှောက်ရတာဖြစ်တဲ့ အတွက် ဘာမှနှမြောစရာလည်း မလိုပါဘူး။

 


၁။ သီလနဲ့ချီးမြှောက်ပါတဲ့။ သီလလျော့သွားရင် စိတ်ကပါ ညှိုးသွားတာများပါတယ်။


၂။ သုတနဲ့လည်း ချီးမြှောက်ပါတဲ့။ သုတဆိုတာ စာဖတ်တာ၊ တရားနာတာပါ။ ဒီခေတ်ကတော့ တရားနာဖို့အတွက် မခက်တော့ပါဘူး။ တရားCDတွေ လမ်းဘေးနေရာ တိုင်းမှာ လွယ်လွယ်ကူကူ ဝယ်လို့ရနေ တာပါ။ လွန်ခဲ့တဲ့(၁ဝ)နှစ်လောက်ကဆို တရားခွေတစ်ခွေနာရဖို့ တရားတေးသံသွင်းဆိုင်ကြီးတွေကို တကူး တက သွားမှာရတာပါ။

 

ဒါတောင် ချက်ချင်းမရပါဘူး။ တိပ်ခွေကိုမှာခဲ့ပြီး ချိန်းတဲ့ရက်ကျမှ သွားယူရတာပါ။ အခုတော့ ငွေ(၅ဝဝ)လောက်ဆို CDတစ်ချပ်နဲ့ တရားအပုဒ်ရေ သုံးရာ၊ ငါးရာလောက် ရနေတာပါ။ ထားရသိမ်းရတာလည်း သိပ်ဝန်ကျဉ်းတာပါ။


၃။ တရားဆွေးနွေးခြင်းနဲ့လည်း ချီးမြှောက်ပါတဲ့။ တစ်ယောက်နဲ့တစ်ယောက် သိတာချင်းတော့ မတူကြ ပါဘူး။ သူသိတာ ကိုယ်မသိ၊ သူမသိတာ ကိုယ်သိဆိုတော့ အချင်းချင်းလည်း ဆွေးနွေးရမှာပါ။ အထူးသဖြင့် တော့ ကိုယ်ထက်သာတဲ့ သူနဲ့ ဆွေးနွေးရမှာပါ။


၎။ သမထနဲ့လည်းချီးမြှောက်ပါတဲ့။ ကိုယ်နှစ်သက်ရာ သမထတစ်ခုခု ပွါးများနေရင် စိတ်ကအေးချမ်း နေတာပါပဲ။


၅။ ဝိပဿနာနဲ့လည်းချီးမြှောက်ပါတဲ့။ ဝိပဿနာကတော့ ကိုယ်အားထုတ် ဖူးထားတဲ့အတိုင်း ချီးမြှောက်ရုံပါပဲ။


မြတ်စွာဘုရားက တရားအားထုတ်နေတဲ့ ယောဂီတွေ ကိုယ့်ရဲ့ဝိပဿနာသမ္မာဒိဋ္ဌိကို ချီးမြှောက်ခြင်း ငါးမျိုးနဲ့ ချီးမြှောက်ဖို့ ဟောပြထားတာပါ။ ဒါပေမယ့်လည်း အပြင် မှာနေနေကြတဲ့သူတွေအနေနဲ့ ကိုယ့်ကိုယ်ကို ချီးမြှောက်မှု(၅)မျိုးနဲ့ ချီးမြှောက်နေရင် စိတ်ချမ်းသာနေတော့တာပါ။ ပုထုဇဉ်တစ်ယောက်ရဲ့စိတ်ဟာ အမြဲတမ်း ကြည်မနေနိုင် ပါဘူး။ ကြည်တလှည့်၊ နောက်တလှည့်ပါပဲ။ စိတ်ကြည်လင်နေမှလည်း ကိုယ့်အတွက်, ကိုယ့် မိသားစုအတွက်, ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် အားတက်သရော လုပ်နိုင်မှာပါ။

 


ဘ၀ဆိုတာ သစ်ပင်လေးတစ်ပင်လိုပါပဲ၊ အမြဲရေလောင်းပေးနေမှ စိမ်းစိုနေမှာပါ။ အဲဒီလိုရေလောင်းပေးနေတာကကိုမဂ်ဖိုလ်နိဗ္ဗာန်ရဲ့အထောက်အပံ့ကောင်းတွေ  ဖြစ်နေတော့တာပါပဲလေ။


 

 

 

ကျမ်းကိုး 

အနုဂ္ဂဟိတသုတ္တန်တရားတော်။ 

သဒ္ဓမ္မရံသီရိပ်သာဆရာတော်၊ 

 

ရဝေနွယ် (အင်းမ)

 

 

မေတ္တာများဖြင့်

အရှင်သိရိန္ဒ

မေတ္တာဥယျာဉ်

2012-ခု၊ ဖေဖော်ဝါရီလ(၂၇)ရက်၊ တနင်္လာနေ့။

 
up
 
Back