လောဘနဲ့မကင်းတဲ့ ပုထုဇဉ်လူသားအားလုံး အရွယ်တင်ချင်ကြ လှချင်ကြပါတယ်။ အဲ့ဒါ ဖြစ်အောင် ဘယ်လိုလုပ်မလဲ ?

ဆံပင်ဟာ အရွယ်တင်ခြင်း လှပခြင်း အတွက် အလွန်အရေးကြီးတဲ့ ရုပ်ဝတ္ထုတစ်ခု ဖြစ် ပါတယ်။

အမျိုးသမီးတွေရဲ့ ကောင်းခြင်းငါးဖြာမှာဆံကေသာရဲ့ကောင်းခြင်းဟာလည်းတစ်ပါးပါ။ မိန်းမတို့ဘုန်း ဆံထုံး၊ ပိတုန်းရောင် ကေသာ၊ အစရှိသဖြင့် ဆံပင်ရဲ့ ကောင်းခြင်းကို အမျိုးမျိုး စာဖွဲ့ ကြပါတယ်။ အမျိုးသားတွေအတွက် အမျိုးသမီးတွေလောက် အရေးမပါဘူးဆိုပေမဲ့ဆံပင် မရှိပဲ ထိပ်ပြောင်၊ နောက်ပြောင် နေတာကိုတော့ ဘယ်အမျိုးသားမှ လိုလားမှာ မဟုတ်ပါဘူး။ ဒီဆံပင် အရုပ် မဆိုးအောင် သန်မာလှပအောင် လုပ်ဖို့ ၊ စောင့်ရှောက်ဖို့ ဆံပင်ရဲ့ သဘော သဘာဝကို သိဖို့ လိုအပ်ပါတယ်။ (ယခုခေတ်မှာ စပါးစိုက်သလို ဆံပင် တစ်ချောင်းချင်း ကို ဆံပင်များ တဲ့နေရာကနေ ဆံပင်ပြောင်နေတဲ့ နေရာကို ခွဲစိပ်ပြောင်းရွေ့ပေးနိုင်ပါတယ်။ ဆံပင် တစ်ပင် ကို အမေရိကန် တစ်ဒေါ်လာခန့် ကုန်ကျပါတယ်။ ငွေကြေးတပ်နိုင်တယ်ဆိုရင်တောင် ရွေ့စိုက်စရာ ဆံပင်တော့ ရှိရပါမယ်)။


ခေါင်းပေါ်မှာ ဆံပင်တွေဘယ်လောက်ရှိတယ်ဆိုတာ ယခုခေတ် သိပ္ပံပညာရှင်တွေ အနေနဲ့ မပြောနိုင်သေးပါဘူး။ မြတ်ဘုရားကတော့ ဆံပင်ပေါင်း နှစ်ကုဋေလေးသန်း ရှိကြောင်း ဟောခဲ့ပါတယ်။ သိပ္ပံသမားတွေ သိတာက တစ်နှစ်ကို ဆံပင် လက်မရှည်တယ်။ တစ်နေ့မှာ ဆံပင် ၅၀ မှ ၁၀၀ အထိ ကျွတ်တယ်တဲ့။


ဆံပင်ရင်းက ဦးခေါင်း အရေပြားထဲမှာ ဆံပင်ဥ (Hair follicle) ခေါ်တဲ့ သစ်ပင်အမြစ်နဲ့ တူတဲ့ အင်္ဂါလေးနဲ့ ဆက်သွယ်ထားပါတယ်။ အဲ့ဒီ ဆံပင်ဥ ကနေ ဆံပင်တွေဖြစ် လာပါတယ်။ ဆံပင်တစ်ချောင်းချင်းကို လေ့လာမယ် ဆိုရင် ဆံပင်တစ်ချောင်းဆီဟာ အံသြစရာ လူတစ် ယောက်လို မွေးနေ၊ သေနေ တာကိုတွေ့ရ ပါတယ်။


ဆံပင်တစ်ချောင်းဆီမှာ anagen, catagen, and telogen phases လို့ အမည်ပေး ထားတဲ့ ဖြစ်ရပ်တွေ အခြေအနေတွေ ရှိပါတယ်။ anagen phase or growth phase မှာ ဆံပင် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဆံပင်ပေါက် ပါတယ် (၀ါ) ပေါက်ပြီးသားဆံပင် ရှည်လာ ပါတယ်။ ဒီအချိန်က ၃နှစ် ခန့်ကြာပါတယ်။ ခလေးဘ၀ ကိုယ်ခန္ဓာ ကြီးထွားလာတဲ့ အချိန်နဲ့ အလားသဏ္ဍန် တူပါတယ်။


catagen phase or rest phase မှာတော့ ဆံပင်တွေ ထပ် မဖြစ်ပါဘူး။ ဒါကြောင့် ဒီအချိန်မှာ ဆံပင်ထပ်မရှည်ပါဘူး။ ပေါက်ပြီးတဲ့ ဆံပင်တွေ သူတို့ရဲ့ (follicle) ထဲမှာ တည်နေ ပါတယ်။ ဒီအချိန်က ၃လ ခန့်ကြာပါတယ်။ လူတစ်ယောက်အရွယ်ရောက်လို့ အရပ် ထပ်မရှည် တော့သလိုပါပဲ။


telogen phase မှာတော့ (follicle) ထဲမှာ အသစ်ထပ်ဖြစ်လာတဲ့ ဆံပင်သစ်ရဲ့ တွန်းထုတ် မှုကြောင့် ဆံပင်ဟောင်း ပြုတ်ထွက်သွားပါတယ်။ တစ်နည်း ဆံပင်ဟောင်း             သေသွားတဲ့ သဘောပါ။ ဆံပင်ကို တင်းတင်းဆွဲရင် telogen phase ကဆံပင်တွေ (သေနေတဲ့ဆံပင်) ကျွတ်ထွက် လာပါတယ်။


ဆံပင်တွေရဲ့ အကြောင်းကို သိရတော့ ဖြစ်၊ တယ်၊ ပျက်၊ သဘောတွေ။ အပျက်တွေ နေရာမှာ အသစ်တွေနဲ့ အစားထိုးနေတဲ့ သင်္ခါရသဘောတွေကို ပိုပြီးသဘောပေါက်စေ သံဝေဂ ရစေ ပါတယ်။


ဆံပင်ပေါင်း နှစ်ကုဋေလေးသန်းဟာ တစ်ရွယ်ထဲ မဟုတ်ကြပါဘူး ကမ္ဘာပေါ်မှာ ရှိနေ တဲ့ အသက်အရွယ် အမျိုးမျိုးနဲ့ လူတွေ၊ သေနေဆဲသူတွေ၊ မွေးနေဆဲသူတွေလို တစ်ချို့ ဆံပင် တွေက growth phase မှာ၊ တစ်ချို့က rest phase မှာ၊ တစ်ချို့က telogen phase မှာ ရှိနေ ပါတယ်။ များသောအားဖြင့် ၁၅% သောဆံပင်တွေက telogen phase မှာ ရှိနေ ပါတယ်။

တခါတရံ ဆံပင်တွေ တစ်နေ့ကို လက်တစ်ဆုပ်စာလောက် ကျွတ်တတ်ပါတယ်။ ကမ္ဘာ မှာ ကပ်ဆိုက်ပြီးလူတွေမြောက်များစွာ သေသလိုပါပဲ။ အဲ့ဒါကို (Telogen Effluvium ) လို့ခေါ် ပါတယ်။ ဒီအခြေအနေမျိုးက ကိုယ်ဝန်ဆောင်ပြီးချိန်၊ ခွဲစိပ်ကုသပြီးချိန်၊ စိတ်ပင်ပန်းမှု ပြင်းထန် စွာ ခံစားရပြီးချိန် များမှာဖြစ်တတ်ပါတယ်။ အချို့ သော ဆေးများရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့ လည်း တွေ့ရတတ်ပါတယ်။ များသောအားဖြင့် စိတ်ဓါတ်ကျရောဂါ ပျောက်ဆေးများ၊ နှလုံးနှင့် သွေးတိုးရောဂါ ပျောက်ဆေးဖြစ်တဲ့ (beta blocker) နဲ့ စတီရိုက်မဟုတ်သော အရောင် သက်သာဆေး (nonsteroidal anti-inflammatory) များကြောင့်လည်း ဖြစ်တတ် ပါတယ်။ 

ဆံပင်ဥတွေမှာ မယ်လမင် (Melanin) လို့ခေါ်တဲ့ အမည်းရောင်ထုတ် ပေးတဲ့ဆဲလ် တွေရယ် ဆံပင်တောက်ပြောင်အောင် အဆီ (sebum) ထုတ်ပေးတဲ့ ဆဲလ် တွေရှိ ပါ တယ်။ ဆံပင်ကို ပုံအမျိုးမျိုးသွင်းတာ၊ အရောင်အမျိုးမျိုးဆိုးတာ၊ ဖြောင့်လိုက် ကောက်လိုက် လုပ်တာ တွေက ဒီဆဲလ်တွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပြီး မယ်လမင် ထုတ်လုပ်မှု လျော့နည်း သွား ရင် (၀ါ) ရပ်ဆိုင်းသွားရင်၊ ဆံပင်တွေခြောက်သွေ့ပြီး ဖြူလာပါတယ်။ အသက် ၅၀ ကျော်ရင် ဆံပင် စဖြူတတ်ပေမဲ့ ဆံပင်ကိုဂရုမစိုက်ရင်တော့ အသက် ၃၀ မတိုင်ခင်ဖြူနိုင်ပါတယ်။ ဂရု စိုက် မယ်ဆိုရင်တော့ အသက် ၆၀ ကျော်မှစဖြူပါတယ်။


ခေါင်းလျှော်ရင်ဓါတ်တုပစ္စည်းတွေနဲ့လုပ်ထားတဲ့ (shampoo) တွေထက် သဘာဝ လတ်ဆပ်တဲ့ တလျော်ကင်ပွန်းနဲ့ လျှော်တာ အကောင်းဆုံးပါပဲ။ နိုင်ငံရပ်ခြားမှာ နေသူများ အနေနဲ့ မြန်မာပြည်လုပ် တလျော်ကင်ပွန်း (shampoo) တွေသုံးနိုင်ပါတယ်။ နိုင်ငံခြားဖြစ် shampoo သုံးမယ်ဆိုရင်တော့ ကိုယ့်ဆံပင်နဲ့သင့်တော်တဲ့ shampoo ကိုသုံးရပါမယ်။


shampoo တွေကို ဆံကြမ်း၊ ဆံပျော့၊ ကောက်ထားတဲ့ဆံပင်၊ ဆေးဆိုးထားတဲ့ဆံပင်၊ အဆီ များတဲ့ ဆံပင်၊ခြောက်တဲ့ ဆံပင် စသည်ဖြင့် ဆံပင်ပေါ်လိုက်ပြီး အမျိုးမျိုးပြု လုပ်ထားပါတယ်။ အဆီများတဲ့ဆံပင်အတွက် shampoo ကို ခြောက်တဲ့ဆံပင်မှာသုံးရင် ဆံပင်ကို ပိုခြောက်စေ မှာ ဖြစ်ပါတယ်။


ခေါင်းလျော်ပြီး conditioner သုံးမယ်ဆိုရင် conditioner ထဲမှာ ဆံပင် အရောင် တောက်စေ၊ ချော်မွေ့ စေတဲ့ ဆေးတွေထဲ့ ထားတာမို့ ခေါင်းအရေပြားကိုမထိပဲ ဆံပင်လုံးနဲ့ ဆံပင်ဖျားတွေကိုသာ လိမ်းရပါမယ်။ conditioner တွေ ဦးရေမှာကျန်နေရင် ဖေါက်ပေါက်ခြင်း၊ ဆံပင်ကျွတ်ခြင်းများဖြစ်နိုင်ပါတယ်။ conditioner ပါ ရော်ထားတဲ့ခေါင်းလျော်ရေဆိုရင် ရေစင် အောင် ဆေးပြစ်ရပါမယ်။ ခေါင်းခဏခဏလျှော်တာက ဦးရေမှာရှိတဲ့ သဘာဝအဆီတွေကို ကုန်ဆုံးစေတာမို့ တစ်ပတ် -၂ခါ ပဲလျှော်သင့်ပါတယ်။

ဦးခေါင်းအရေပြားကို ဘီးဖီးခြင်း၊ လက်ဖြင့် နှိပ်ခြင်း တို့ဟာ ဆံပင်ရင်းဆီ သွေးအသွား အလာ များစေတာမို့ ဆံပင်သန်စွမ်းစေပါတယ်။ ဆံပင်ပေါက်ပွားနှုန်းကို မြှင့်ပေးနိုင်ပါတယ်။


ဆံပင်အခြောက်ခံတဲ့အခါ သဘက်နဲ့ ဆံပင်ရင်းကိုဖိပြီး နေရာအနှံ့ သုတ်တာက ဦးရေ ကိုနှိပ်သလိုဖြစ်တာမို့ ပိုကောင်းပါတယ်။ တရုတ် အနှိပ်နည်းမှာ ဦးခေါင်းအရှေ့ နှဖူးကစပြီး လက်မနှစ်ချောင်းနဲ့ ခေါင်းအလယ် အတိုင်း နောက်စေ့ ရောက်တဲ့အထိ နှိပ်ပေးရင် ဖြူနေတဲ့ ဆံပင်တွေတောင် ပြန်နက်လာတယ်လို့ဆိုပါတယ်။


ဘီးနဲ့ညင်ညင်သာသာဖီးတာက ဆံပင်ရင်း သွေးသွားလာမှုကို ကောင်းစေပါတယ်။ ၀ါးဘီး၊ သစ်သားဘီး၊ သံဘီးတွေက ပလတ်စတစ်ဘီးတွေလို လျှပ်စစ် မစီးနိုင်ပါဘူး။ ဆံပင် သားကို တောက်ပစေပါတယ်။ ဓါတုပစ္စည်းဖြစ်တဲ့ ပလတ်စတစ်တွေရဲ့ ဆိုးကျိုး တွေမရှိပဲ ဆံပင်သားနဲ့ ဦးရေပြား ကျန်းမာရေးအတွက် ပိုကောင်းစေ ပါတယ်။


ခေါင်းလျှော်ပြီးရင် ဆံပင်ကို သဘာဝ အတိုင်းအခြောက်ခံတာ အကောင်းဆုံးပါပဲ။ လေမှုတ်စက်နဲ့ အခြောက်ခံရင်တော့ အပူချိန်အနိမ့်ဆုံး မှာထားပြီး ဆံပင်နဲ့ ခပ်ဝေးဝေး ကနေ သုံးပါ (ဆံပင်နဲ့ အနည်းဆုံး ခြောက်လက်မ အကွာမှာ ထားပြီး မှုတ်ပါ)။ ဆံပင်မှာ အပူ မသင့် အောင် လေမှုတ်စက်ကို ဖြည်းဖြည်းမှန်မှန် ရွှေ့ပေးပါ။


ဆံပင်ကိုတောက်ပစေတဲ့ စပရေး (spray) တွေဟာ ဆံပင်ကို ခြောက်သွေ့ စေနိုင်တဲ့ အတွက် သတိထားသုံးပါ။ သဘာဝ အုံးဆီစစ်စစ်ကတော့ အကောင်းဆုံးပါပဲ။


အခြားသောဆံပင်ကျွတ်ရခြင်းနှင့် အချိန်မတိုင်ပဲဆံပင်ဖြူရခြင်းအကြောင်းများ။ 

၁။ မျိုးရိုးလိုက်ခြင်း။(hereditary hair loss) 

၂။ လည်းပင်ကျိတ်ရောဂါ၊ (thyroid gland) 

၃။ မိမိကိုယ်နဲ့ မတဲ့သောရောဂါ (autoimmune disease) 

၎။ သွေးအားနည်းခြင်း အထူးသဖြင့် အာဟာရချို့တဲ့မှုကြောင့်ဖြစ်သော anemia.

၅။ အရေပြားရောဂါများ ဥပမာ dermatitis, psoriasis 

၆။ ဗီတာမင် အေ အလွန်အကျွံ့များခြင်း (vitamin A overdose).

၇။ ဦးတုပ်၊ဆံပင်တုများ တာရှည်တပ်ထားခြင်း။ 

၈။ အစဉ်းစားလွန်ခြင်း၊စိတ်ပူတတ်ခြင်း။ 

၉။ ဆေးလိပ်သောက်ခြင်း၊အရက်သောက်ခြင်း။ 

၁၀။ အာဟာရ ချို့တည့်ခြင်း။ အသားဓါတ်၊ သံ (Iron ) သွပ်(Zinc) ကြေးနီ (Copper) စတဲ့ ဓာတ်တွေ။ ဗီတာမင် စီ၊ အီး၊ အေ တို့လိုအပ်ပါတယ်။  

၁၁။ ဦးရေပြား သန့်ရှင်းမှုကို ဂရုမစိုက်ခြင်း။ 

၁၂။ နေရောင်နှင့် ထိတွေ့မှု များခြင်း။ 

၁၃။ ခဏ ခဏ ဆံပင်ပေါင်းတင်ခြင်း။ 

၁၄။ ဆံပင်ပေါ် ဆေးတစ်ခုခု သုံးရာတွင် ကျွမ်းကျင်မှု မရှိ ခြင်း ကြိမ်ဖန်များ လွန်ခြင်း၊ ဆေးသုံးရာတွင် မစင်ခြင်း။

၁၅။ ဆံပင် မခြောက်ခင် ဘီးမဖီးပါနဲ့။ စိုနေချိန်မှာ ဆံပင်ဟာ နူးညံ့နေတဲ့အတွက် ထိခိုက် ပျက်စီးလွယ်ပါတယ်။

၁၆။ ဖြစ်နိုင်ရင်ဆံပင်ကိုဆေးမဆိုးပါနဲ့ ဆံပင်ဆိုးဆေးတွေကဓါတုပစ္စည်းတွေဖြစ်လို့ ဆံပင် သံစွမ်းမှုကိုဖျက်ဆီးနိုင်ပါတယ်။ဆံပင်ဖြူလို့ ဆိုးချင်တယ်ဆိုရင် သဘာဝ ဒါန်းရွက်နဲ့ ဆိုး သင့် ပါတယ်။

၁၇။ဆေးလိပ်နဲ့ အရက်သောက်ခြင်းရှောင်ပါ။ ဆေးလိပ်က ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် အဆိပ်ဓါတ်ကဆံပင်ကျွတ် စေပါတယ်။ အရက်က ဆေးလိပ်အပါအ၀င် ကိုယ်ထဲရောက်လာ တဲ့ အဆိပ်တွေ ရှင်းလင်းမှုကို ကျဆင်း စေပါတယ်။


၁၈။ အရေးအကြီးဆုံးအချက်ကတော့ စိတ်ချမ်းသာအောင်နေခြင်းပါ။ စိတ်ပူပန်ခြင်းဟာ ဆံပင် ဖြူမြန်စေတဲ့ အကြောင်းပါပဲ။ သေမိန့်ကျခံရသူအချို့ဟာ ၂၄ နာရီအတွင်း တစ်ခေါင်းလုံး ဆွတ်ဆွတ်ဖြူခဲ့တာ ကိုတွေ့ရပါတယ်။


ဒီဆောင်းပါးရေးရင်းနဲ့ ကျန်းမာရေးအတွက်ရော အသက်ရှည်ရေးအတွက်ရော အရေး မကြီးတဲ့ ဆံပင်အတွက် ကိစ္စတွေများတာ စဉ်းစားမိရင်း မြတ်ဘုရားရဲ့ သားတော်၊ သမီးတော် တွေကို ဆံပင်စွန့်ဖို့ ပညတ်ခဲ့တဲ့ မြတ်ဘုရားရဲ့ ကြီးကျယ်မြင့်မြတ်လှတဲ့ ဉာဏ်တော်ကြီးကို ပိုမို ဦးခိုက်မိပါတယ်။


ဆံပင်မပယ်နိုင်သေးတဲ့ ဆံပင်လှပနေချင်တဲ့ ပုထုဇဉ်တွေအနေနဲ့ ခေါင်းဖီးတဲ့အခါတိုင်း ဆံပင်ကောင်းစေ သန်စေတဲ့ အကြောင်းတွေကို သတိထားပြီး ဆောင်သင့်တာဆောင်၊ ရှောင်သင့်တာရှောင်တဲ့အပြင် ဆံပင်ရဲ့ ဖြစ်၊ တည်၊ ပျက်ကို ဆင်ခြင် ကြမယ်၊ လက်နဲ့ ဆံပင် ထိထိနေတာကို သတိထားနေမယ်ဆိုရင် ကာယယနုပဿနာ ဘာဝနာ ကုသိုလ်ဖြစ်သွား နိုင်ပါတယ်။

ဆံပင်ကို ဘာဝနာရှုတဲ့ တစဉ္စက ကမ္မဋ္ဌာန်းကို ဆင်ခြင်ရင်း မရည်မတွက်နိုင်သော ရှင်သာမဏေများ၊ ရှင်ရဟန်းများ ဆံချရင်း အရဟတ္တမဂ် တိုင်အောင် ပေါက်မြောက်ကြတယ် ဆိုတာ ကျမ်းဂန်းတွေမှာ အထင်းအရှားရှိပါတယ်။

ဆံပင်သန်၊ လှပ၊ အရွယ်တင်ပြီး အရိယာမဂ်ဖိုလ်အထိ ဆိုက်ရောက်နိုင်ကြ ပါစေ။

ကျမ်းကိုး။ 

၁။ http://shwebeauty.com/

၂။ http://en.wikipedia.org/

၃။http://www.bbc.co.uk/

၎။ http://xomesick.wall.fm/

၅။ http://www.myanmarskylink.com/

၆။ http://www.monetine.net/

၇။ http://www.facebook.com/

၈။ ဆံကေသာက ပြောပြနေသော သင့်ကျန်းမာရေး ဧကရာဇ် ။ http://www.akyinnarnantaw.org/2011/05/standard-women.html

 
up
 
Back