ကင်ဆာရောဂါအကြောင်းသိကောင်းစရာ အမေး+အဖြေ

မချွင်လေး(ပါရီ)

 မေး။    ကျန်းမာရေးပညာပေးလေးတွေဖြန့်ဝေတဲ့ ဆရာမဒေါက်တာမချွင်လေးကို ကျေးဇူး အရမ်း တင်ပါတယ်။ မိသားစု ဆွေမျိုးတွေထဲမှာ တစ်ယောက်မက ကင်ဆာတွေဖြစ်နေတာ တွေ့ဖူးပါတယ် အဲဒါ သွေးနဲ့ဘယ်လိုပတ်သက်ပါသလဲ၊ မျိုးရိုးနဲ့ကောဆိုင်ပါသလား၊ ကျေးဇူးပြု၍ ဖြေကြားပေးစေ လိုပါတယ်။


မောင်သုတ။


   ဖြေ။ မိသားစု ဆွေမျိုးတွေထဲမှာ တစ်ယောက်မက ကင်ဆာတွေဖြစ်နေတာ အထူးသဖြင့် အသက် ငယ်ရွယ်သူတွေမှာ (အသက် ၄၀-၅၀အောက်) ဖြစ်တာမျိုးဟာ သူတို့ရဲ့ မျိုးရိုးဗီဇကြောင့် ကင်ဆာ ဖြစ်တယ်လို ညွှန်ပြလေ့ရှိပါတယ်။ ဒါပေမဲ့ ပတ်ဝန်ကျင်ပယောဂ ဥပမာ ကင်ဆာဖြစ်စေတဲ့ ဓါတ် ရောင်ခြည်၊ ဓါတ်ငွေ့စသည့် ပတ်ဝန်ကျင်မှာ နေထိုင်ကြခြင်း၊ အလုပ် လုပ်ကြခြင်း (၀ါ) ကင်ဆာ ဖြစ်စေသည့် အပြုအမှု နေထိုင် စားသောက်မှု ဘ၀ပုံစံ များကြောင့်လည်း ဖြစ်နိုင်ပါတယ်။



    မိသားစုလိုက် ဒါမှမဟုတ် အလုပ်တူတူ လုပ်ဖက် ဒါမှမဟုတ် အိမ်နီးနားချင်းတွေမှာ ကင်ဆာ ဖြစ်ကြတယ်ဆိုရင် ( Cluster of cancer) ကင်ဆာ အစုလိုက်အပြုံလိုက် ဖြစ်ခြင်း လို့ခေါ်ပါတယ်။ အဲ့ဒါမျိုးက များသောအားဖြင့် ပတ်ဝန်းကျင်ပယောဂများကြောင့် ဖြစ်နိုင်ပြီး ကူးဆက်တတ်တဲ့ရောဂါလိုမျိုး တစ်ခြားသူတွေအတွက်လည်း အန္တရာယ်ရှိတာမို့ ကင်ဆာ ဖြစ်စေတဲ့ အကြောင်းကို ရှာဖွေရန် အမေရိကန်နိုင်ငံမှာ ကျန်းမာရေး ဌာနကို အကြောင်းကြားရပါမယ်။


   အဲ့ဒါမျိုးမဟုတ်ဘဲ မိသားစုမှာရော ဆွေမျိုးတွေမှာပါ အထူးသဖြင့် မျိုးရိုးဆက် နှစ်ဆက် နှင့် (မိဘများ၊ သားသမီးများ) နှစ်ဆက်ထက်ပိုပြီး (မိဘများ၊ အဖိုးအဖွါးများ၊သားသမီးများ) ကင်ဆာမျိုးတူတာ (၀ါ) ဆက်နွယ်တဲ့ ကင်ဆာတွေ ဖြစ်တယ် ဆိုရင်တော့ မျိုးရိုးဗီဇ ကြောင့်ဖြစ်ဖို့များပါတယ်။


ဆက်နွယ်သောကင်ဆာမျိုးတွေကတော့-
၁။ ရင်သားကင်ဆာနှင့် အမမျိုးဥကင်ဆာ (Breast and ovarian)
၂။ အူမကြီးကင်ဆာနှင့် သားအိမ်ကင်ဆာ (Colon and endometrial (uterine)။
၃။ အရည်ပြားကင်ဆာနှင့် ပင်ကရိယကင်ဆာ (Melanoma and pancreas )။
၎။ ရင်သားကင်ဆာနှင့် ဆာကိုးမားခေါ် အသားတုံးကင်ဆာ (Breast and sarcoma)။
၅။ ရင်သားကင်ဆာနှင့် လည်ပင်ကျိတ် ကင်ဆာ(Breast and thyroid)။


အောက်ပါအချက်များဟာ မျိုးရိုးကြောင့်ဖြစ်တဲ့ ကင်ဆာလို့ ဖေါ်ညွှန်းပါတယ်။                                        

၁။ မိသားစုများ၊ ဆွေမျိုးများတွင် ကင်ဆာမျိုးတူများ (၀ါ) ဆက်နွယ်သောကင်ဆာများဖြစ်ခြင်း။
၂။ လူကြီးများတွင်ဖြစ်သောကင်ဆာ (ဥပမာ ဆီးကျိတ်ကင်ဆာ) များ အသက် ၄၀-၅၀ အောက် တွင်ဖြစ်ခြင်း။
၃။ ကင်ဆာလူနာတွင် ကင်ဆာတစ်မျိုးထက်ပိုပြီးဖြစ်ခြင်း။ ဥပမာ ရင်သားကင်ဆာ အပြင် အမျိုးသမီး မျိုးဥအိပ်ကင်ဆာပါ ဖြစ်ခြင်း။
၎။ နှစ်ခုရှိသောအင်္ဂါများတွင် အင်္ဂါနှစ်ခုလုံး၌ဖြစ်ခြင်း။ ဥပမာ ရင်သားကင်ဆာနှစ်ဘက်လုံးဖြစ်ခြင်း။
၅။ ရှားပါးသောကင်ဆာများဖြစ်ခြင်း၊ ဥပမာ အမျိုးသားများတွင်ဖြစ်သော ရင်သားကင်ဆာ။
၆။ လူမျိုးစုလိုက် ဖြစ်တတ်သောကင်ဆာ။

ဥပမာ အရှေ့နှင့် အလယ်ပိုင်းဥရောပ၊ ဂျူးလူမျိုးများတွင်ဖြစ်သောရင်သားကင်ဆာနှင့် အမျိုးသမီးမျိုးဥအိပ်ကင်ဆာများ။
၇။ ထူးဆန်းသောမှည့် (atypical nevi) များနှင့်အရေပြားကင်ဆာဖြစ်ခြင်း။


ကင်ဆာဖြစ်တာကို မျိုးစေ့ကနေ အပင်ပေါက်တဲ့ ဥပမာနှင့် ပြောရင်ပိုပြီး ရှင်းမယ် ထင်ပါတယ်။
ကင်ဆာဖြစ်စေတဲ့ မျိုးရိုးဗီဇက မျိုးစေ့နှင့်တူပါတယ်။ ဒါကြောင့် မျိုးစေ့ကနေ မြေ၊ ရေ၊ လေ စတဲ့ အကူအညီတွေရရင်  အပင်ပေါက်နိုင်သလို ကင်ဆာဖြစ်စေတဲ့ ပတ်ဝန်ကျင် ၊ အစားအသောက်၊ အပြုအမှု၊ အနေအထိုင်များရဲ့ ထောက်ပံ့မှုကြောင့် ကင်ဆာဆိုတဲ့ အပင်ကြီး ပေါက် လာနိုင်ပါတယ်။ 


    လူမှာ မျိုးရိုးဗီဇပေါင်း (genes) နှစ်သောင်းသုံးထောင်ခန့် ရှိပါတယ်။ အဲ့ဒီ မျိုးရိုးဗီဇတွေက အစဉ်အမြဲ တည်ရှိနေတာမဟုတ်ပါဘူး။ အမြဲ သေနေပျက်စီးနေကြပြီး သေသွားတဲ့ ဗီဇတွေရဲ့နေရာမှာ သူတို့နဲ့ အလားတူတဲ့ ဗီဇတွေနဲ့ အစားထိုးနေကြပါတယ်။ မြတ်စွာဘုရား ဟောတော်မူတဲ့ အနန္တရပစ္စည်း၊ သမနန္တရပစ္စည်းတွေ အတိုင်းပါပဲ။


    အဲ့ဒီလို အစားထိုးနေစဉ် တစ်ချိန် ချိန်မှာ နဂိုဗီဇကနေ ပုံစံကွာတဲ့ ကင်ဆာဗီဇတွေနဲ့ အစားထိုး မိတတ်ပါတယ်။ ယခုခေတ် ဗီဇပညာရှင်များရဲ့ တွေ့ရှိချက်အရ လူတိုင်းမှာ ကင်ဆာဖြစ်နိုင်တဲ့ ဗီဇတွေရှိပြီး အဲ့ဒီကင်ဆာဗီဇတွေကြောင့် ဖြစ်ပေါ်လာတဲ့  ကင်ဆာဆဲ တွေကလည်း လူတစ်ယောက်ရဲ့ဘ၀ တစ်လျှောက်မှာ ၆- ၁၀ ကြိမ် အထိ ဖြစ်ပါတယ်။


    ကင်ဆာဆဲတွေကို စမ်းသပ်နိုင်တဲ့ ခေတ်ပေါ်နည်းတွေက ကင်ဆာဆဲတွေ ကုဋေနဲ့ချီ ပွါးလာမှ တွေ့နိုင်တာကြောင့် ကိုယ်ထဲမှာ ကင်ဆာဆဲတွေရှိနေပေမဲ့ မသိကြပါဘူး။ နောက်ပြီး ကိုယ်ထဲမှာရှိတဲ့ သွေးဥဖြူမျိုးဝင်ဆဲတွေကလည်း ဖြစ်ပေါ်လာတဲ့ ကင်ဆာဆဲတွေကို သတ်ဖြတ်ပြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီသွေးဥဖြူမျိုးဝင်ဆဲတွေကို အားနည်းစေ ပျက်စီးစေတဲ့ ဆေးများ (ဥပမာ ကင်ဆာကုဆေးများ)၊ ရောဂါများ (ဥပမာ အိပ်(စ်)ရောဂါ) လူနာတွေမှာ ကင်ဆာအဖြစ်များပါတယ်။


    ဓါတ်ရောင်ခြည်များက သွေးဥဖြူမျိုးဝင်ဆဲတွေကို ဖျက်စီးတဲ့အပြင် မျိုးရိုးဗီဇ များကိုလည်း ကင်ဆာဗီဇတွေဖြစ်အောင် ပြောင်းနိုင်ပါတယ်။

ကင်ဆာဗီဇကြောင့်ဖြစ်တဲ့ ကင်ဆာတွေကတော့ ဗီဇ BRCA1 ကြောင့်ဖြစ်တဲ့ ရင်သားကင်ဆာ၊ ဗီဇ BRCA2 ကြောင့်ဖြစ်တဲ့ အမျိုးသမီးမျိုးဥအိပ် (ovary) ကင်ဆာ၊ ဗီဇ hHSH1 နှင့် hHSH2 တို့ ကြောင့်ဖြစ်တဲ့ အူမကြီးကင်ဆာတို့ဖြစ်ပါတယ်။


    ကင်ဆာဗီဇကြောင့်ဖြစ်တဲ့ ကင်ဆာတွေဟာ ကင်ဆာအားလုံးရဲ့  ၅-၁၀% ပဲရှိပါတယ်။ ဒါကို ကြည့်ခြင်းဖြင့် မျိုးစေ့နဲ့တူတဲ့ ကင်ဆာဗီဇ တစ်ခုထဲကြောင့် ကင်ဆာနဲ့တူတဲ့ အပင်ကြီး မပေါက်နိုင်ဘူး ဆိုတာ သက်သေပြနေပါတယ်။ ဒီအချက်ဟာ အလွန်အရေးကြီးတဲ့ အချက်ပါ။ ဘာဖြစ်လို့လဲဆိုတော့      ယခုအချိန်အထိ ကင်ဆာဗီဇကို ကင်ဆာမဖြစ်တဲ့ဗီဇ ဖြစ်အောင် မပြောင်းနိုင်သေးပါဘူး။


    တစ်နည်းအားဖြင့် ရှေးကပြုခဲ့တဲ့ အကုသိုလ်ကံတွေလိုဘာမှလုပ်လို့မရတော့သလိုပါပဲ။ ဒါပေမဲ့ ပစ္စုပ္ပန်ကံတွေကို ကောင်းကံတွေ ဖြစ်အောင်ပြုလုပ်နိုင်သလို ပစ္စုပ္ပန်ကံတွေနဲ့တူတဲ့ နေထိုင်ရာ၊ အလုပ် လုပ်ရာ ပတ်ဝန်းကျင်၊ အစားအသောက်၊ အနေအထိုင်တို့ကို ပြောင်းလဲခြင်း၊ ကာကွယ်နိုင်သော ကင်ဆာဖြစ်စေတဲ့ရောဂါများကို မဖြစ်အောင်ကာကွယ်ခြင်း၊ ရှောင်ရှားခြင်းဖြင့် တော်တော်များများ ကင်ဆာတွေကို မဖြစ် အောင် ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် “အသက်ကို ဉာဏ်စောင့်”  လို့ ရှေးပညာရှိများ ပြောခဲ့တယ်ထင်ပါတယ်။


    (ကျမမှာလူနာတစ်ယောက်ရှိပါတယ်။ သူကအသက် ၅၅နှစ်အမျိုးသားတစ်ဦးပါ။ ကျန်းမာရေးကို အလွန်ဂရုစိုက်ပါတယ်။ နည်းနည်း နေမကောင်းတာနဲ့ ကျမဆီရောက်လာ လေ့ရှိပါတယ်။ တစ်နေ့ဗိုက်နည်းနည်းနာတယ်ဆိုပြီးရောက်လာပါတယ်။ ကျမစမ်းလိုက်တော့ ဗိုလ်မှာ အလုံးတစ်ခု စမ်းမိပါ တယ်။ ပိန်တဲ့ သူများ (ဗိုလ်မှာအဆီသိပ်မရှိသူများမှာ စမြင်း တုံးများကို စမ်းလို့ရတတ်ပါတယ်)။


    ဒါကြောင့် ၀မ်းပျော့ပျော့သွားတဲ့ဆေးပေးပြီး ပြန်လာပြဖို့ မှာလိုက်ပါတယ်။ ပြန်စမ်းတဲ့အခါ ဗိုလ်အလုံးက ပျောက်မသွားပဲရှိနေပါတယ်။ ဒါကြောင့် အူလမ်းကြောင်း ဆိုင်ရာအထူးကုဆီပြဖို့ လွှတ်လိုက်ပါတယ်။ အဲ့ဒီမှာ စစ်ဆေးမှုတွေ လုပ်လိုက်တော့ အစာအိမ်မှာ ကင်ဆာဖြစ်နေတာ တွေ့ရပါတယ်။


    ကံကောင်းတာက ကင်ဆာက ဖြစ်ကာစ ဖြစ်လို့ ကင်ဆာရှိတဲ့ အစာအိမ်ပိုင်းကို ဖြတ်ခြင်းဖြင့်ပျောက် အောင်ကုသနိုင်တာမို့ ခွဲစိပ်ကုသဖို့ ကုသရေးဆရာ ၀န်ဆီလွှဲပေး လိုက်ပါတယ်။ ဒါပေမဲ့ လူနာက ခွဲရမှာ ကြောက်ပြီး တခြားကုသရေးဆရာဝန်နဲ့ သွားပြ နေတယ်ကြားတာနဲ့ လူနာနဲ့ သူ့အမျိုးသမီးကိုခေါ်ပြီး သေသေချာချာရှင်းပြပြီး အမြန်ဆုံးခွဲစိပ်ဖို့ တိုက်တွန်းပြီး ကျမလည်းဂျပန်နိုင်ငံကို ၂နှစ်ပညာသင်ထွက် ခဲ့ပါတယ်။၂နှစ်ပြည့် လို့ ပြည်တော်ပြန်တော့ ကျမလူနာကို ကျန်းမာချမ်းသာစွာနဲ့ တွေ့ရပါတယ်။


   ကျမ ဘယ်လောက်တောင်ဝမ်းသာမယ်ဆိုတာ တွေးလို့ ရမယ်ထင်ပါတယ်။ ဒါပေမဲ့ သူ့အမျိုးသမီးကတော့ မထင်မှတ်သောရောဂါတစ်ခုနဲ့ ဆုံးသွားရှာပါပြီး။ ကျမလူနာ ကင်ဆာဖြစ်တယ်လို့သိစဉ်က သူမက သူ့ယောကျာ်းအတွက် သောကတွေ ရောက်နေခဲ့တာ ကိုပြန်လည်မြင်ရောင်ရင်း သေခြင်းတရားရဲ့ သဘာဝကို စဉ်းစားရင် သံဝေဂလည်းဖြစ် မိပါတယ်။)


၁။ ကင်ဆာရောဂါတော်တော်များများဟာ စောစောစီးစီးသိရင် ခွဲစိပ်ကုသခြင်း၊ ဓါတ်ကင်ခြင်း၊ စားဆေးများစားခြင်း စသည်ဖြင့် အမြစ်ပြတ်အောင် ကုသနိုင်ပါတယ်။ ဒါကြောင့်မိသားစုတွင်ကင်ဆာဗီဇကြောင့် ဖြစ်တဲ့ ရင်သားကင်ဆာ၊ အမျိုးသမီးမျိုးဥအိပ် (ovary) ကင်ဆာ၊အူမကြီးကင်ဆာ တို့ဖြစ်ရင်ကျန်မိသားစု တွေမှာ ကင်ဆာဖြစ်ဖြစ်ချင်း သိအောင် စမ်းသပ်စစ်ဆေးမှုများ မှန်မှန်ပြုလုပ်ရပါမယ်။


   ပြင်သစ်နိုင်ငံတွင် အသက် ၆၀ အထက် အမျိုးသမီးများကို အစိုးရမှ အခမဲ့ ၂ နှစ်တစ်ကြိမ် ရင်သားကင်ဆာအတွက် ရင်သားစစ်ခြင်း (mammography) ပြုလုပ်ပေး ပါတယ်။ အသက် ၆၀အထက် အမျိုးသား၊ သမီးများကိုတော့ အူမကြီးကင်ဆာအတွက်  ၂ နှစ်တစ်ကြိမ် ၀မ်းတွင် သွေးပါ မပါ အခမဲ့ စစ်ဆေးစေပါတယ်။


၂။ Asbestos ခေါ် ကျောက်ဂွမ်းများကြောင့် အဆုပ်ကင်ဆာဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီပစ္စည်းတွေ ကိုအသုံးပြုခြင်း၊ ထုတ်လုပ်ခြင်းများကို ကမ္ဘာနဲ့အ၀ှမ်း ပိတ်ပင်ထားပါတယ်။

၃။ ဓါတ်ငွေ့များ၊ ဓါတ်ရောင်ခြည်များကြောင့် ကင်ဆာအမျိုးမျိုးဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် သွေး ကင်ဆာများ၊ အရေပြားကင်ဆာများ ဖြစ်ပါတယ်။ x rays ပေါ်ကာစက x rays ရိုက်ပေးသော ဆရာဝန်များ အကာအကွယ် မယူပဲရိုက်ခဲ့သဖြင့် x rays ဆရာဝန်များ ကင်ဆာဖြစ်ခဲ့ကြပါတယ်။

၎။ကင်ဆာဖြစ်စေသော အစားအစာများ၊ ပစ္စည်များသုံစွဲခြင်းမှ ရှောင်ခြင်း။


(၁) ဆေးလိပ်သောက်ခြင်းဖြင့် လည်းချောင်းကင်ဆာ၊အဆုပ်ကင်ဆာများဖြစ်စေပါတယ်။
(၂)အရက်သောက်ခြင်းဖြင့်အသဲကင်ဆာဖြစ်စေပါတယ်။
(၃)တူးအောင်၊မီးကျွမ်းအောင်ကင်ထား၊ ကြော်ထားသောအစားအစာများနှင့် ပစ္စည်းများ။
ယခင်က အေးသောနိုင်ငံများတွင် မီးခိုးခေါင်းတိုင် သန့်ရှင်းရေး လုပ်သော အလုပ်သမားများ အရေပြား ကင်ဆာဖြစ်ကြပါတယ်။
(၄) ၁၉၈၀ နှစ်မတိုင်ခင်ကထုတ်လုပ်သောဆံပင်ဆိုးဆေးများကြောင့် အရေပြား ကင်ဆာဖြစ် နိုင်ပါတယ်။

၅။ ကာကွယ်နိုင်သောကင်ဆာနှင့်ကင်ဆာဖြစ်စေသောရောဂါများမဖြစ်အောင်ကာကွယ်ခြင်း။


(၁) သားအိမ်ခေါင်းကင်ဆာ (Cervical cancer) ကာကွယ်ဆေးထိုးခြင်း။
(၂)ဘီပိုးကြောင့်ဖြစ်တဲ့ အသဲရောင်ရောဂါကနေ အသဲကင်ဆာဖြစ်ပွါးတာမို့ ဘီပိုးမဖြစ်အောင် ကာကွယ်ဆေးထိုးခြင်း။


၆။ နေပူစာလှုံခြင်းတွင် နေရောင်ခြည်တွင်ပါဝင်သော UV ရောင်ခြည်များကြောင့် အရေပြားကင်ဆာ ဖြစ်နိုင်တာမို့ နေပူစာလှုံခြင်းကို ၂ နာရီထက်ပိုပြီး မလှုံရန်နှင့် UV ရောင်ခြည်ကာကွယ်သော လိမ်း ဆေးများ လိမ်းရန် နွေရာသီတွင် ပြင်သစ်နိုင်ငံ ကန်ခြေများမှာ ကျန်းမာရေး သတိပေးခြင်း များပြုလုပ်ပါတယ်။


၇။ ကင်ဆာဖြစ်နိုင်သောရောဂါများနှင့်ခြေအနေများ (precancerous tumors & conditions) ရှိပါက စနစ်တကျ စမ်းသပ်စစ်ဆေးခြင်း။
(၁) အူမကြီးရှိ အသားပိုများမှ (intestinal polyps) အူမကြီးကင်ဆာဖြစ်ခြင်း။
(၂) မှည့်များ (nevi) လျှင်မြန်စွာကြီးလာခြင်းမှ အရေပြားကင်ဆာသို့ပြောင်းလဲခြင်း။

(၃)ဓါတ်ရောင်ခြည်များနှင့်ထိတွေ့မိခြင်းကြောင့်သွေးကင်ဆာနှင့်အခြားကင်ဆာများဖြစ်နိုင်ခြင်း။
(၄) အသဲခြောက်ရောဂါများတွင် အသဲကင်ဆာဖြစ်သည့်အခါထွက်လာသော ကင်ဆာအန်တီဂျင် (antigen) များအား စမ်းသပ်ခြင်း။
(၅) ဆီကျိတ်ကြီးသောသူများ (BPH) တွင်ကင်ဆာ အန်တီဂျင်များအား စမ်းသပ်ခြင်း။


၈။ အစားအသောက်ပုံစံ။ အဆီနည်းပြီး အသီးအရွက်များမျှတစွာပါဝင်သော လတ်ဆပ်သည့် အစား အစာများ စားသောက်ခြင်းဖြင့် ကင်ဆာဖြစ်ပွါးမှု အထူးသဖြင့် အူမကြီးကင်ဆာနှင့် အသဲကင်ဆာ ဖြစ်ပွါးမှု နည်းပါးစေပါတယ်။


၉။ နေ့စဉ်မှန်မှန် ကိုယ်လက်လှုပ်ရှားခြင်း၊ ဥပမာ တစ်နေ့ မိနစ် ၃၀ လမ်းလျှောက်ခြင်းဖြင့် ကျန်းမာရေးကောင်းမွန်သည့် အပြင် ကင်ဆာဖြစ်ပွါးမှု ကိုလည်း သိသိသာသာ ကျဆင်းစေပါတယ်။

၁။http://www.cancer.gov/

 

မေတ္တာများဖြင့်

အရှင်သိရိန္ဒ

မေတ္တာဥယျာဉ်

www.ashinsirinda.com

2011-ခု၊ ဒီဇင်ဘာလ(၃၀)ရက်၊သောကြာနေ့။

၂။http://www.cancer.gov/cancertopics/factsheet/Risk/clusters

 
up
 
Back